မူးယစ်ဆေးဝါးဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့်ပစ်ဖမ်း တစ်ဦးသေဆုံး

မူးယစ်ဆေးဝါးဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့်ပစ်ဖမ်း တစ်ဦးသေဆုံး

လားရှိုးမြို့၊မူးယစ်ဆေးဝါးဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် သတိပေးပစ် ခတ်ဖမ်းဆီးရာကသေဆုံးခဲ့မှူ ယနေ့ အောက်တိုဘာ ၂ ရက်နေ့တွင်ဖြစ် ပွားခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။

အောက်တိုဘာလ ၂ ရက် နေ့လယ်ပိုင်းတွင် လားရှိုးမြို့၊ အမှတ်(၅)ရပ်ကွက်၊ နယ်မြေ(၂)၊ ခိုင်ရွှေဝါလမ်း၊ အမှတ်(င/၂/၁၂၈)နေ နော်အောင်(ခ)လမုန်နော်အောင်(၅၃)နှစ်၏ နေအိမ်ကို မူးယစ်သတင်းအရ မူးယစ်ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာ ဖွေခဲ့သည်။

အဆိုပါနေအိမ်ဧည့်ခန်းတွင် အိမ်ရှင် နော်အောင်(ခ)လမုန်နော်အောင်၊ စိုင်းနော်(ခ)ဒီလာ(၃၀)နှစ် နှင့် ခွန်ဖုန်း(၄၆)နှစ်တို့ကိုတွေ့ရှိခဲ့သည်။ရဲတပ်ဖွဲ့က ရှာဖွေနေစဉ် ၎င်းတို့ကို ငြိမ်ငြိမ်နေရန် ပြောကြားနေသော်လည်း အိမ်ရှင် နော်အောင်(ခ) လမုန်နော်အောင် မှ အရိုးအသွား ၂၆ လက်မခန့်ရှိ ဓားဦးချွန်ဖြင့် ဦးဆောင်ဖမ်းဆီးသူ ရဲအရာရှိကို ဝင်ခုတ်ခဲ့သည်။ ရဲတပ်ဖွဲ့မှ မိမိလုံခြုံရေးအတွက် ပထမတစ်ချက် သတိပေးပစ်ခတ်သော်လည်း နော်အောင်(ခ) လမုန်နော်အောင် မှ ဆက်လက်ရန်ပြုတိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် ရဲအရာရှိ၏ ပစ္စတိုသေနတ်ကို လုယူရန်ကြိုးစားလာခဲ့၍ တစ်ချက်ထပ်မံပစ်ခတ်ခဲ့ရာ ၎င်း၏ ဝဲဘက်ရင်ညွန့် ကျည်ထိမှန်ခဲ့ပြီး ရရှိသောဒဏ်ရာဖြင့် သေဆုံးခဲ့သည်။

၎င်း၏နေအိမ်မှ ဘိန်းဖြူ ၈၀.၉ ဂရမ်ကျပ် ၁၂.၁၃၅ သိန်းဖိုး၊ စိတ်ကြွရူးသွပ်ဆေးပြား ၃,၀၀၀ ပြား ကျပ်သိန်း ၃၀ တို့ကို သိမ်းဆည်း ရမိခဲ့သည်။ ၎င်းတို့ကိုမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။