COVID-19 လူနာနှင့်ထိတွေ့ခဲ့သည့် စစ်ကိုင်းစည်ပင်ဝန်ကြီးနှင့်အဖွဲ့ကို Q ထားကာ Swab စစ်ဆေး

COVID-19 လူနာနှင့်ထိတွေ့ခဲ့သည့် စစ်ကိုင်းစည်ပင်ဝန်ကြီးနှင့်အဖွဲ့ကို Q ထားကာ Swab စစ်ဆေး

COVID-19 အတည်ပြုလူနာနှင့်ထိတွေ့မှုရှိခဲ့၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဦးမြင့်ကြည်နှင့်အဖွဲ့ Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့မှ ဆားလင်းကြီးမြို့နယ်ဝမ်ပေါင်သို့ ပစ္စည်းလာပို့သည့်ကားများကို မုံရွာမြို့ရှိအလုံ၌ ရပ်ထားတန့်၍စစ်ဆေးစဉ်သည့်အဖွဲ့အတွင်း စစ်ကိုင်းတိုင်း စည်ပင်သာယာဝန်ကြီး ဦးမြင့်ကြည်နှင့်အဖွဲ့ ပါဝင်ခဲ့ခြင်းဖြစ်သည်။၎င်းတို့ကို အောက်တိုဘာ ၂ ရက် နံနက်ပိုင်း၌ Swab ရယူ၍စစ်ဆေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးထံက သိရသည်။

'' Quarantine ထားတဲ့ ကုန်တင်ကားသမားနဲ့ ယာဉ်နောက်လိုက် ၂၇ ဦးက Swab ယူစစ်လိုက်တော့ ခုနစ်ဦးမှာ ရောဂါပိုးတွေ့တာပါ။ကျွန်တော်တို့သွားစစ်တော့ ၁ဝ ပေလောက်ကွာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီနေ့ပဲ Quarantine ဝင်မယ်။ သွားရောက်စစ်ဆေးခဲ့တဲ့သူတွေအားလုံး Quarantine ဝင်မှာပါ''ဟု ဝန်ကြီး ဦးမြင့်ကြည်က ပြောသည်။

အောက်တိုဘာ ၁ ရက် ည ၈နာရီ၌ COVID-19 အတည်ပြုလူနာများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှ၁ဝ ဦး၊ ချောင်းဦးမြို့နယ်မှ တစ်ဦးနှင့်ကလေးမြို့နယ်မှ နှစ်ဦး စုစုပေါင်း ၁၃ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ မုံရွာမြို့နယ်မှ ပိုးတွေ့လူနာများတွင် ခုနစ်ဦးသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖြင့်ဆက်စပ်နေသော ကုန်ပစ္စည်းပို့တွဲယာဉ်မောင်းသမားများဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်းများသည် ရန်ကုန်မှလာသူများဖြစ်ပြီး မုံရွာမြို့၊ ချင်းတွင်းတံတားအနီးတွင် ရပ်နားနေကြကြောင်းသတင်းအရ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည် ဦးဆောင်၍သက်ဆိုင်ရာခရိုင်၊ မြို့နယ်တာဝန်ရှိသူ၁ဝ ဦးကျော်က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထို့နောက် ယာဉ်မောင်းများကို အိုးဘိုတောင် Quarantine စင်တာတွင် ထားရှိနိုင်ရေးအတွက်စီစဉ်ခဲ့ပြီး နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာရယူ စစ်ဆေးရာ ခုနစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း၌ ကိုဗစ်အတည်ပြုလူနာများတွေ့ရှိပြီး နောက်ပိုင်းတိုင်းအစိုးရအဖွဲ့ဝင်တစ်ဦး Quarantine ဝင်ရခြင်းသည် ပထမဦးဆုံးဖြစ်သည်။ Quarantine ဝင်ရောက်ကြသူများသည် စည်ပင်ဝန်ကြီးဦးမြင့်ကြည်အပါအဝင် ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ရဲဝန်ထမ်းတချို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများနှင့် ဝန်ထမ်းများလည်းပါဝင်ကြောင်း သိရသည်။

အောက်တိုဘာ ၁ ရက်အထိစစ်ကိုင်းတိုင်းရှိ မြို့နယ်ပေါင်း ၃၇မြို့နယ်အနက် ၂၂ မြို့နယ်တွင် COVID-19 အတည်ပြုလူနာ ၈၁ ဦးရှိပြီး ၁၂ ဦးမှာ ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ပြုထားပြီးဖြစ်ကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး