မန်းဓာတ်ခွဲဌာန၌ နေ့စဉ်စစ်ဆေးပေးရသည့် Swab အရေအတွက် ၉ဝဝ ခနိ့ရှိ

မန်းဓာတ်ခွဲဌာန၌ နေ့စဉ်စစ်ဆေးပေးရသည့် Swab အရေအတွက် ၉ဝဝ ခနိ့ရှိ

COVID-19 အတည်ပြုလူနာများကို အမြန်ဆုံးရှာဖွေဖော်ထုတ်နိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)၌ နေ့စဉ်စစ်ဆေးအဖြေထုတ်ပေးနေရသည့်နှာခေါင်းတို့ဖတ်နှင့်အာခေါင်တို့ဖတ်(Swab)အရေအတွက်မှာ ၉ဝဝ ဝန်းကျင်ရှိလာသောကြောင့် ကျန်းမာရေးဝန်ထမ်းတိုးချဲ့မှုများ လိုအပ်ပါကဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဌာနစတင်ဖွင့်လှစ်သည့်အချိန်ကမန္တလေးတိုင်းဒေသကြီးအတွင်းမှ COVID-19 သံသယရှိလူနာများနှင့် Facility Quarantine Center ဝင်ရောက်နေသူများအတွက် COVID-19 ရောဂါပိုး ရှိ၊ မရှိ အတည်ပြုရန်အတွက်သာ ဖြစ်သော်လည်း ယခုအခါစစ်ကိုင်းတိုင်းဒေသကြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့်ကချင်ပြည်နယ်တို့မှပေးလို့လာသည့် Swab များကိုပါ စုပေါင်းစစ်ဆေးနေရခြင်းဖြစ်ပြီးတစ်ရက်လျှင် နှစ်သုတ်ခွဲကာစစ်ဆေး၍ ရရှိအဖြေများကို ရုံးချုပ်သို့အချိန်နှင့်တစ်ပြေးညီပေးပို့လျက်ရှိကြောင်းသိရသည်။

''စက်တင်ဘာဒုတိယပတ် အတွင်းကနေ စတင်ပြီးတော့စစ်ဆေးပေးရတဲ့ Swab အရေအတွက်က တဖြည်းဖြည်းများပြားလာရာမှာ အရင်ကထက်သုံးဆလောက်အထိတိုးလာတဲ့အတွက်လိုအပ်တဲ့ ဝန်ထမ်းအင်အား တိုးချဲ့မှုတွေလုပ်ဆောင်သွားပါမယ်။ လက်ရှိမှာတော့ဌာနမှာ COVID-19 ပိုးရှိမရှိစစ်ဆေးအဖြေထုတ်ပေးနိုင်တဲ့ နိုင်ငံတကာအဆင့်မီ စက်ကြီးနှစ်လုံး ရှိပြီးအမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)ကနေလည်း နည်းပညာပိုင်းဆိုင်ရာနဲ့ ဓာတ်ခွဲပစ္စည်းတွေကိုလည်း ပံ့ပိုးကူညီထားပါတယ်။

COVID-19 ကာလကျော်လွန်ပြီးတဲ့နောက်ပိုင်းမှာဆိုရင် ဌာနဟာ အထက်မြန်မာပြည်အတွက် အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ ရောဂါတွေအတွက်စစ်ဆးပေးနိုင်တဲ့ ဓာတ်ခွဲခန်းတစ်ခုအဖြစ် ဆက်လက်တည်ရှိသွားမှာပါ''ဟု မန္တလေးတိုင်းဒေသကြီး COVID-19 သတင်းမှားစောင့်ကြည့်ရေးနှင့်သတင်းမှန်ပြန်ကြားရေးကော်မတီဥက္ကဌ၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဦးစိုင်းပန်းဆိုင်က ပြောသည်။လက်ရှိ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)၌ COVID-19 ဓာတ်ခွဲစစ်ဆေးရန်အတွက် မှန်ကန်တိကျမှုအရှိဆုံး Gold Standard ဟုသတ်မှတ်ထားသည့် Real Time RT-PCR နည်းပညာဖြင့် စစ်ဆေးမှုများပြုလုပ်နေခြင်းဖြစ်ရာ အဖြေတိကျမှန်ကန်မှုရာနှုန်းပြည့်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်အစိုးရနှင့် မန္တလေးမြို့ပြ ဖွံ့ဖြိုးရေးရန်ပုံငွေရှာဖွေရေးကော်မတီတို့မှ စက်ပစ္စည်းကိရိယာများကို ထောက်ပံ့လှူဒါန်းပေးထားကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး