ရန်ကုန်တိုင်းရှိ မြို့နယ်များတွင်(ကိုကိုးကျွန်းမြို့နယ် မပါ)Stay at Home နေထိုင်ရန် သတ်မှတ်ထားသည့်အတွက် ဆင်ခြေဖုံးမြို့နယ်များနှင့် ရပ်ကွက်အချို့တွင် စည်းကမ်းတင်းကျပ်စွာဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
''သဘောတရားက အိမ်ထဲမှာပဲနေရမယ်၊ မဖြစ်မနေမှအပြင်ထွက်ရမယ်၊ထွက်ရင်လည်း တစ်အိမ်ကိုတစ်ယောက်ပဲထွက်ရမယ်၊ ကျန်တဲ့သူတွေကအိမ်မှာပဲနေရမယ်၊ ဈေးသွားရင်လည်း တစ်ယောက်ထဲပဲသွားရမယ်၊Mask တပ်သွားရမယ်။လမ်းတွေထဲနဲ့ လမ်းမတွေပေါ်မှာ မလိုအပ်ပဲအပြင်မထွက်ဖို့ မီးသတ်တပ်ဖွဲ့ကအသံချဲ့စက်တွေနဲ့ လိုက်ပြီးသတိပေးတယ်။ ဈေးဆိုရင်လည်း စည်ပင်ဈေးဌာနနဲ့ပါင်းပြီး ၁၂ နာရီအထိပဲ ဖွင့်ခိုင်းတယ်။ဈေးသည်တွေကိုလည်း Mask တပ်ပြီးတော့မှ ရောင်းခိုင်းတယ်။ သဃင်္န်းကျွန်းမှာရှိတဲ့ လမ်းတစ်ချို့ကိုလည်း တစ်ခြမ်းပိတ်စနစ်နဲ့ သေချာကြပ်ကြပ်မတ်မတ်ဆောင်ရွက်တယ်။ အကြောင်းပြချက်ခိုင်လုံပြီး ပါသင့်တဲ့အကာအကွယ်တွေပါမှသာထွက်ခိုင်းဝင်ခိုင်းတယ်''ဟု သဃင်္န်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ရန်ကုန်တိုင်းအား Stay at Home သတ်မှတ်ချက်ကို စက်တင်ဘာ ၂ဝ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် တစ်မြို့နယ်နှင့်တစ်မြို့နယ် ဖြတ်သန်းသွားလာရာတွင် သတ်မှတ်ချက်ထားသည့်စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိအား ဖြတ်သန်းသွားလာသည့် လူများ၊မော်တော်ယာဉ်များအား ရဲတပ်ဖွဲ့ဝင်များ၊ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ကြက်ခြေနီအဖွဲ့များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်အတူ စစ်ဆေးမှုများပြုလုပ်၍ သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိသူများကိုသာ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ကြကြောင်း သိရသည်။
''ကျွန်တော်တို့ ရပ်ကွက်ကတော့နေထိုင်တဲ့သူတွေ အကုန်လုံးကို ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားတဲ့ Stay at Home သတ်မှတ်ချက်ကိုလိုက်နာဖို့၊ မလိုအပ်ဘဲအပြင်မထွက်ကြဖို့ကိုအမြဲတမ်း သတိပေး လုပ်ဆောင်နေပါတယ်။ ရပ်ကွက်အဝင် လမ်းထိပ်နဲ့လမ်းတိုင်းလမ်းတိုင်းရဲ့ အဝင်လမ်းထိပ်တွေမှာလည်း လုပ်အားပေးတွေက ဝင်လာတဲ့သူတွေအပြင် ထွက်မဲ့သူတွေကိုလက်ဆေးခိုင်းတာတွေ၊ နှာခေါင်စည်းတပ်မထားရင် မဝင်ခိုင်းတာတွေ လုပ်ဆောင်နေပါတယ်။ အပြင်ထွက်မဲ့သူတွေကိုလည်းနှာခေါင်းစည်းပါမှထွက်ခိုင်းပါတယ်၊ တပ်မထားရင်ပြန် တပ်ခိုင်းပါတယ်၊ အပြင်သွားဖို့ခိုင်လုံတဲ့အကြောင်းပြချက်ရှိမှသာသွားခိုင်းပါတယ်''ဟု ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ စိုက်မွေး(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ထူးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ထုတ်ပြန်ထားသည့် ကြေညာချက်၌ ပါဝင်သော အချက်ရှစ်ချက်၏မဖြစ်မနေ သွားလာလုပ်ကိုင်ရမည့်သူများအတွက် QR Pass များကို သေချာစွာစီစစ်ထုတ်ပေးလျက်ရှိသည်။ အလားတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် Stay at Home သတ်မှတ်ချက်အား လိုက်နာမှုမရှိသူများကို တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
















