ရွှေပြည်သာမြို့နယ်တွင် ယာဉ်နှင့်ဆိုင်ကယ် တိုက်မိရာမှ နှစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရရှိမှုကို အမှုဖွင့်အရေးယူထားကြောင်း အောက်တိုဘာ ၃ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
အောက်တိုဘာ ၂ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်ခန့်တွင်ရွှေပြည်သာမြို့နယ် ပုလဲလမ်းဆုံတွင် ဆိုင်ကယ်ကို ယာဉ်တစ်စီးမှ ဝင်တိုက်ရာက လူသေဆုံးမှုဖြစ်ပွားကြောင်း သတင်းအရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
စုံစမ်းချက်အရ ရွှေပြည်သာမြို့နယ်၊သာဓုကန်စက်မှုဇုန် ပုလဲလမ်းအတိုင်း ရွှေပြည်သာမြို့နယ် ၂ ရပ်ကွက်နေ ယာဉ်မောင်း အောင်ကျော်ထွန်း ၃၀ နှစ် မောင်းနှင်လာသည့် HIACE ကိုယ်ပိုင်ယာဉ်သည် စက်မှုဇုန်လမ်းနှင့် ပုလဲလမ်းဆုံအရောက် အရှိန်မထိန်းနိုင်ဘဲ ၎င်းရှေ့မှ မောင်းနှင်နေသည့်အသက် ၃၀အရွယ် အမည်မသိအမျိုးသား (စုံစမ်းဆဲ) မောင်းနှင်ပြီး နောက်တွင် ထိုင်စီးလာသူ အမည်မသိ (စုံစမ်းဆဲ)တို့ လိုက်ပါသည့် ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိ ခဲ့သည်။
ထိုသို့တိုက်မှုခဲ့ပြီးအနီးရှိ အထည်ချုပ်စက်ရုံရှေ့ရှိ သွပ်မိုးသံဖရိန်တပ် စက်ဘီးနှင့် စက်ရုံအုတ်တံတိုင်းတို့ကိုထပ်မံ တိုက်မိခဲ့သည်။ယာဉ်တိုက်မှုကြောင်း ဆိုင်ကယ် မောင်းနှင်သူနှင့် နောက်တွင်းစီးနင်းသူ (၂)ဦးမှာနေရာတွင်သေဆုံးခဲ့ပြီး ယာဉ်မောင်း အောင်ကျော်ထွန်း တွင် ယာပါးပေါက်ပြဲ၊ မေ့စေ့ပေါက်ပြဲ ၊ရင်ဘတ်ဖူးရောင်ပေါင်ပြဲ ၊ဝဲ/ယာဒူး ပေါက်ပြဲ၊ ဝဲလက်ခုံပေါက်ပြဲ ဒဏ်ရာရရှိပြီး (သတိလစ်)အင်းစိန်ဆေးရုံ သို့တင်ပို့ကုသခဲ့ရသည်။
၎င်းနှင့်အတူ ယာဉ်ပေါ်တွင် လိုက်ပါ သူ ရွှေပြည်သာမြို့နယ် ထ/၁၆ရပ်ကွက်နေ မထက်ထက်ခိုင် ၂၄နှစ် ဦးခေါင်းနောက်စေ့ ပေါက်ပြဲ ပါးစပ်သွေးထွက် နှာခေါင်းသွေးထွက် ဝဲမျက်ခုံး ပေါက်ပြဲ ဝဲနားပေါက်ပြဲ မျက်နှာဖုရောင် ဝဲတံတောင် ပေါက်ပြဲ ဒဏ်ရာများရာရှိကာ အင်းစိန်ပြည်သူဆေးရုံတွင် အတွင်းလူနာ အဖြစ်တင်ပို့ကုသ ခဲ့ရသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်နှင့်ဆိုင်ကယ် ကျပ်သိန်း ၃၁ ဖိုးခန့် ဆုံးရှုံးခဲ့ပြီး အထည်ချုပ်စက်ရုံ၏ သွပ်မိုးသံဖရိန်စက်ဘီးတဲ အုတ်တံတိုင်း ကျပ် ၄၅ သိန်းဖိုး ဆုံးပျက်ဆီးသွားသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
ရွှေပြည်သာမြို့မရဲစခန်းမှ ယာဉ် (ပ) ၃၅ /၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ အရ အမှုဖွင့်အရေးယူထားသည်။

















