ပြုံယမ်း အောက်တိုဘာ ၃ - အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမ္မတကတော် မယ်လာနီယာထရမ့်တို့အပေါ် စာနာထောက်ထားကြောင်း စာတိုတစ်စောင်အား မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အောက်တိုဘာ ၃ ရက်နေ့တွင် ပေးပို့ခဲ့သည်ဟု နိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြခဲ့သည်။
ထရမ့်ဇနီးမောင်နှံ ကျန်းမာရေး အမြန်ဆုံးပြန်လည် ကောင်းမွန်လာပါစေဟု လှိုက်လှိုက်လှဲလှဲ မျှော်လင့်ကြောင်း၊ ယခုအခြေအနေကို ၎င်းတို့အနေဖြင့် သေချာပေါက်ကျော်လွှားနိုင်မည်ဟု မျှော်လင့်ကြောင်း ကင်က စာထဲတွင် ရေးသားထားသည်ဟု KCNA က ဖော်ပြခဲ့သည်။
ထရမ့်က ၎င်းတို့ ဇနီးမောင်နှံသည် COVID-19 ကူးစက်ခံထားရကြောင်း အောက်တိုဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းလုံးရှိ ခေါင်းဆောင်များက ဆုတောင်းစကားများပေးပို့ခဲ့ကြသည်။
မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ်တွင် အမေရိကန်အပေါ် နျူလက်နက်ဖြင့် ပစ်ခတ်နိုင်ရန် ရည်ရွယ်ကာ အဆင့်မြင့် ဒုံးလက်နက်များ စမ်းသပ်ခဲ့ပြီးနောက် ကင်ဂျုံအန်နှင့် ဒေါ်နယ်ထရမ့်တို့သည် တစ်ဦးနှင့်တစ်ဦး ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့ကြသည်။
ထရမ့်သည် မြောက်ကိုရီးယားအပေါ် မီးနှင့် အမျက်ဒေါသမိုးရွာချပစ်မည်၊ ကင်ဂျုံအန်ကိုလည်း ကိုယ့်သေတွင်းကိုယ်တူးနေသည့် ဒုံးကျည်လူသားလေးဟု ပြောဆိုခဲ့ဖူးပြီး ကင်ကလည်း စိတ်ကျန်းမာရေးကောင်းမွန်ခြင်းမရှိသော ထရမ့်ကို မီးလက်နက်ဖြင့် ချိုးနှိမ်ပစ်မည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့ဖူးသည်။
သို့သော် ၂၀၁၈ ခုနှစ်တွင် စင်ကာပူ၌ တွေ့ဆုံမှုဖြင့် စတင်ကာ ထရမ့်နှင့် ကင်တို့သည် သုံးကြိမ်တွေ့ဆုံခဲ့သည်။ သို့သော် ဗီယက်နမ်၌ တွေ့ဆုံသည့် ဒုတိယဆွေးနွေးပွဲမှစ၍ နှစ်ဖက်စလုံးသည် တိုးတက်မှုများစွာမရခဲ့ချေ။ အေပီ

















