ပေကျင်း အောက်တိုဘာ ၃ - တရုတ်နိုင်ငံ၌ အောက်တိုဘာ ၂ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၀ ဦး ရှိခဲ့ပြီး အောက်တိုဘာ ၁ ရက်တွင်ရှိခဲ့သည့် ဦးရေနှင့် တူညီနေကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။
ကူးစက်သူသစ်အားလုံးမှာ ပြည်ပမှ ဝင်ရောက်လာသူများဖြစ်ပြီး နိုင်ငံခြားခရီးသွားများ ပါဝင်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ တရုတ်ပြည်မကြီး၌ လက်ရှိတွင် COVID-19 ကူးစက်သူ ၁၉၈ ဦးရှိနေပြီး တစ်ဦးမှာ ရောဂါအခြေအနေစိုးရိမ်စရာရှိနေကြောင်း ကော်ရှင်က ထုတ်ပြန်ခဲ့သည်။
ပြည်ပမှ ဝင်ရောက်လာသူများအနက် လူနာ ၂၆၈၆ ဦးမှာ ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီဖြစ်ပြီး သေဆုံးသူမရှိကြောင်း ကျန်းမာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိတွင် တရုတ်နိုင်ငံ၌ COVID-19 ကူးစက်သူ ၈၅၄၃၄ ဦးရှိပြီး သေဆုံးသူဦးရေသည် ၄၆၃၄ ဦးမှ တိုးလာခြင်းမရှိသေးချေ။
တရုတ်ရှိ ဆေးဝါးကုမ္ပဏီများသည်လည်း ၎င်းတို့ စမ်းသပ်ထုတ်လုပ်ထားပြီး နောက်ဆုံးအဆင့်စမ်းသပ်မှုများကိုပြုလုပ်နေသည့် COVID-19 ကာကွယ်ဆေးများကို လူထောင်သောင်းပေါင်းများစွာတို့အား စမ်းသပ်ထိုးနှံပေးခဲ့ပြီးဖြစ်သည်။ အေပီ

















