နယူးဇီလန်၌ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှုစတင်

နယူးဇီလန်၌ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှုစတင်

ဝယ်လင်တန် အောက်တိုဘာ ၃ - နယူးဇီလန်နိုင်ငံ၌ အောက်တိုဘာ ၂ ရက်တွင် ကြိုတင်မဲပေးမှုများကို စတင်ခဲ့သည်။

အောက်တိုဘာ ၁၇ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရန် မဲရုံ ၄၅၀ ခန့်ရှိနေသည်။ နယူးဇီလန်နိုင်ငံ၌ ကြိုတင်မဲပေးမှု ပိုမိုလူကြိုက်များခံလာရကြောင်း ရွေးကောက်ပွဲကော်မရှင်ကပြောဆိုခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ဆန္ဒမဲအားလုံး၏ ၄၇ ရာခိုင်နှုန်းသည် ကြိုတင်မဲများဖြစ်ကြပြီး ယခုနှစ်တွင် ၆၀ ရာခိုင်နှုန်းရှိလာနိုင်ကြောင်း ကော်မရှင်က ပြောဆိုခဲ့သည်။

အောက်တိုဘာ ၃ ရက် အစောပိုင်းတွင် မဲပေးခဲ့ကြောင်း ဝန်ကြီးချုပ်ဂျာဆင်ဒါ အာဒန်က ဖေ့စ်ဘွတ်ခ်၌ ရေးသားခဲ့သည်။ မဲရုံသို့ လမ်းလျှောက်သွားနေသည့် အာဒန်နှင့် လက်တွဲဖော် ကလာ့ခ် ဂေးဖို့ဒ်တို့ကို ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံကိုလည်း ဖေ့စ်ဘွတ်ခ်၌ တင်ခဲ့သည်။

နယူးဇီလန်နိုင်ငံသားများသည် ဆေးခြောက်ကို တစ်ကိုယ်ရေဖျော်ဖြေရေးအတွက် အသုံးပြုမှု၊ ရောဂါပြင်းထန်လူနာများအား ညင်သာစွာဖြင့် အသက်ဓာတ်ဖြတ်တောက်မှုတို့နှင့်ပတ်သက်၍လည်း မဲပေးကြရမည်ဖြစ်သည်။

အာဒန်၏လေဘာပါတီ၊ ဂရင်းပါတီနှင့် အမျိုးသားရေးဝါဒီ နယူးဇီလန်ပထမပါတီတို့ပါဝင်သည့် ညွန့်ပေါင်းအဖွဲ့သည် အမျိုးသားရေးပါတီနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အာဒန်သည် နိုင်ငံတွင်း COVID-19 တိုက်ဖျက်ရေးကို ထိရောက်စွာလုပ်ဆောင်နိုင်ခဲ့မှုကြောင့် လူကြိုက်များခံနေရပြီး နောက်ထပ်သက်တမ်းတစ်ခု ဆက်လက်ထမ်းဆောင်ရနိုင်ခြေများနေသည်။

ထို့ပြင် ယမန်နှစ်တွင် လူဖြူအဓိကဝါဒီတစ်ဦးက ဗလီနှစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့မှုနှင့် မီးတောက်ပေါက်ကွဲမှုတို့ကို ထိရောက်စွာတုံ့ပြန်ခဲ့မှုကြောင့်လည်း အာဒန်ကို နိုင်ငံတွင်း၌သာမက ပြည်ပ၌ပါ အားပေးထောက်ခံမှုများရှိခဲ့သည်။

ဝန်ကြီးချုပ်၏လူကြိုက်များမှုနှင့် ရွေးကောက်ရလဒ်များထွက်လာပါက လေဘာပါတီသည် ညွန့်ပေါင်းဖွဲ့စည်းစရာမလိုဘဲ တစ်ပါတီတည်းအုပ်ချုပ်ခွင့်ရမည်ဖြစ်သည်။ သို့သော် ပြိုင်ဘက်အမျိုးသားရေးပါတီခေါင်းဆောင် ဂျူးဒစ် ကောလင်းစ်သည်လည်း လူကြိုက်များခံနေရသောကြောင့် အာဒန်သည် အစိုးရဖွဲ့ရန် ညွန့်ပေါင်းအဖွဲ့ဖွဲ့စည်းရမည်ဖြစ်ကြောင်း မကြာသေးမီတွင် ထုတ်ပြန်ခဲ့သည့် စစ်တမ်းရလဒ်များအရသိရသည်။ကနဦးရလဒ်များကို အောက်တိုဘာ ၁၇ အနှောင်းပိုင်းတွင် ထုတ်ပြန်မည်ဖြစ်သည်။ အေပီ