COVID-19 ကူးစက်ခံထားရသည့် ထရမ့် စစ်ဆေးရုံ၌ ရက်အနည်းငယ် ကုသမှုခံယူရမည်

COVID-19 ကူးစက်ခံထားရသည့် ထရမ့် စစ်ဆေးရုံ၌ ရက်အနည်းငယ် ကုသမှုခံယူရမည်

ဝါရှင်တန် အောက်တိုဘာ ၃ - COVID-19 ကူးစက်ခံထားရသည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ဝါရှင်တန်ဒီစီရှိ ဝေါ်တာရိဒ်အမျိုးသားစစ်ဆေးရုံသို့ အောက်တိုဘာ ၂ ရက်တွင် သမ္မတဆိုင်ရာရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့သည်။

အိမ်ဖြူတော်မှ ရဟတ်ယာဉ်သို့ လမ်းလျှောက်သွားခဲ့သည့် ထရမ့်သည် လက်မထောင်ပြခဲ့သော်လည်း စကားပြောဆိုခြင်းမပြုခဲ့ချေ။ အားပေးမှုများအတွက် ကျေးဇူးတင်ပြီး ဝေါ်တာရိဒ်ဆေးရုံသို့သွားရောက်နေပြီဖြစ်ကာ အခြေအနေကောင်းမည်ဟု မျှော်လင့်ထားကြောင်း၊ ဇနီးဖြစ်သူသည်လည်း အခြေအနေကောင်းမွန်ကြောင်း ထရမ့်က တွစ်တာ၌ ရေးသားခဲ့သည်။

သမ္မတထရမ့်သည် ကြိုတင်ကုသမှုခံယူသည့်အနေဖြင့် ဝေါ်တာရိဒ်ဆေးရုံ၌ ရက်အနည်းငယ်နေထိုင်ရမည်ဖြစ်ပြီး ဆေးရုံရှိ သမ္မတဆိုင်ရာအခန်းမှ တာဝန်များကိုဆက်လက်ထမ်းဆောင်နေမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

သမ္မတထရမ့်သည် အခြေအနေကောင်းမွန်ပြီး ရောဂါလက္ခဏာအနည်းငယ်သာပြသခဲ့ကာ တစ်ရက်လုံးလုံး အလုပ်လုပ်ခဲ့ကြောင်း အိမ်ဖြူတော်ပြန်ကြားရေးအတွင်းဝန် ကေလေး မက်အဲနာနီကပြောဆိုခဲ့သည်။ သမ္မတသည် အဖျားငွေ့ငွေ့ရှိနေကြောင်း အိမ်ဖြူတော်သတင်းအရင်းအမြစ်တစ်ခုကပြောဆိုခဲ့သည်။ ထရမ့်အား Gilead ကုမ္ပဏီက ထုတ်လုပ်ထားပြီး ဆေးရုံတက်ရက်ကို လျှော့ချပေးနိုင်သည့် COVID-19 ကုသဆေး Remdesivir ထိုးပေးထားကြောင်း အိမ်ဖြူတော်ဆရာဝန် ရှောင်ကွန်လေက ပြောဆိုခဲ့သည်။

အိမ်ဖြူတော်အကြံပေးဟောင်း ကယ်လီယံ ကွန်းဝေး၊ ရီပတ်ဘလီကန်အမတ်များဖြစ်သည့် မိုက်ခ်လီ၊ သွမ်တီလင်စ်တို့သည်လည်း COVID-19 ကူးစက်ခံထားရကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။ ထရမ့်၏မဲဆွယ်စည်းရုံးရေးတာဝန်ခံ ဘီလ် စတဲပီယံသည်လည်း COVID-19 ကူးစက်ခံထားရကြောင်း အောက်တိုဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဒုတိယသမ္မတ မိုက်ခ်ပန့်မှာမူ ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းမရှိကြောင်း ပြောခွင့်ရှိသူက ထုတ်ပြန်ခဲ့သည်။ ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း ဂျိုးဘိုင်ဒင်နှင့် ဒုတိယသမ္မတလောင်း ကမလာ ဟဲရစ်တို့သည်လည်း ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းမရှိကြောင်း မဲဆွယ်စည်းရုံးရေးအဖွဲ့ကပြောဆိုခဲ့သည်။

ရီလွင် ဘာသာပြန်သည်။