မုံရွာ၌ Mobile Swab Test Car ဖြင့် စတင် စစ်ဆေး

မုံရွာ၌ Mobile Swab Test Car ဖြင့် စတင် စစ်ဆေး

မုံရွာမြို့နယ်အတွင်း Mobile Swab Test Car ကို အသုံးပြု၍ စစ်ဆေးမှုများကို အောက်တိုဘာ ၃ ရက်မှစတင်ကာ ဆောင်ရွက်နေပြီဖြစ်ကြောင်းအလှူရှင် ဦးမျိုးဝင်း(အောင်မြသန်း)ထံမှ သိရသည်။

''မုံရွာမြို့နယ်အတွက် အသုံးပြုမှာပါ။ အောက်တိုဘာလ ၂ ရက်နေ့က Mobile Swab Test Car အတွက်လိုအပ်တဲ့ အစိတ်အပိုင်းတွေ တပ်ဆင်ခဲ့ပြီးအောက်တိုဘာ ၃ ရက်ကစပြီး အသုံးပြုသွားမှာဖြစ်ပါတယ်။ အဓိက ကိုဗစ်သံသယရှိတဲ့သူဆီအရောက် Swab သွားယူလို့ရအောင် ရည်ရွယ်တာပါ။ကားတွေနဲ့လှည့်မခေါ်ရတော့ဘူးပေါ့။ Swab Test စစ်မှာရယ် ပိုးသတ်ဆေးဖြန်းတာတွေမှာသုံးဖို့ ရည်ရွယ်ပါတယ်။ ဆေးဖြန်းစက်တင်ဖို့ လုပ်နေတာအောက်တိုဘာ ၄ ရက်မှာပြီးမှာပါ'' ဟု ဦးမျိုးဝင်း(အောင်မြသန်း)ကပြောသည်။

လတ်တလော၌ မုံရွာမြို့နယ်အတွင်း  COVID-19 အတည်ပြုလူနာလေးဦးရှိပြီး ယင်းမာပင်ခရိုင် ဝမ်ပေါင်ကုမ္မဏီမှ ကားသမားခုနစ်ဦးအပါအဝင် မုံရွာမြို့ပြည်သူ့ဆေးရုံကြီးတွင် အတည်ပြုလူနာ ၁၁ ဦးအား ကုသပေးလျက်ရှိကြောင်း မုံရွာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးထံမှ သိရသည်။

'' Mobile Swab Test Car ကို ကိုမျိုးဝင်းနဲ့ကျွန်တော်တို့ ပေါင်းလုပ်ထားတာပါ။ အဓိက ကိုမျိုးဝင်းလုပ်တာပါ'' ဟု ဦးခင်မောင်စိုးက ပြောသည်။ Swab Test ယူရသည်မှာ တစ်ရက်ထက်တစ်ရက်များလာရာ အောက်တိုဘာ ၃ ရက်တွင် ၈ဝ ဦးကျော်ခန့် Swab Test ယူရမည်ဖြစ်ပြီး အောက်တိုဘာ၂ ရက်က ၄ဝ ကျော် Swab Test ယူခဲ့ရကြောင်း ဦးမျိုးဝင်း(အောင်မြသန်း)က ရှင်းပြသည်။

''လောလောဆယ်ကားတွေနဲ့သံသယရှိသူတွေ Q စင်တာတွေသွားခေါ်နေရတယ်။ PPE ဝတ်ရတဲ့အတွက် ဟိုတစ်နေ့ကဆို ဆရာမတွေ မူးလဲတာမျိုးရှိတယ်။ တစ်နေကုန်ဝတ်ရတော့ ချွေးတွေပြန်မူးလဲတာတွေရှိတယ်။Mobile Swab Test Car လိုတယ်လို့မြင်ပြီး အဲယားကွန်းတပ်ဆင် လုပ်ဖြစ်တာပါ။စစ်ကိုင်းတိုင်းထဲမှာ မရှိသေးပါဘူး။ မန္တလေးနဲ့ရန်ကုန်မှာ ရှိတာတွေ့လို့ တပ်ဆင်ဖြစ်တာပါ'' ဟု ဦးမျိုးဝင်း(အောင်မြသန်း)ကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး