တောင်ကိုရီးယားနိုင်ငံ၌ နိုင်ငံရေးအရဆန္ဒထုတ်ဖော်မှုမှတစ်ဆင့် COVID-19 အစုလိုက်အပြုံလိုက်ကူးစက်မှုများ ထပ်မံမရှိလာစေရေးအတွက် ရဲတပ်ဖွဲ့သည် မြို့တော် ဆိုးလ်ရှိ ဆန္ဒပြမှုပြုလုပ်ရာနေရာများတစ်ဝိုက်တွင် ဘတ်စ်ကားများကို ရပ်ထားစေပြီး တံတိုင်းပြုလုပ်ကာ တားဆီးမှုများပြုလုပ်နေသည်။
တောင်ကိုရီးယားသည် COVID-19 တိုက်ဖျက်ရေးတွင် ကနဦး၌ ထိရောက်မှုရှိခဲ့သော်လည်း သြဂုတ်တွင် ဘုရားကျောင်းတစ်ကျောင်း၊ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတစ်ခုတို့နှင့်ဆက်စပ်၍ ကူးစက်မှု ၁၈၀၀ ကျော်ရှိခဲ့ပြီးနောက် ကူးစက်မှုလျှော့ချရေးကို အပြင်းအထန်လုပ်ဆောင်ခဲ့ရသည်။
မကြာသေးမီရက်သတ္တပတ်များတွင် ကူးစက်သူသစ်ဦးရေ လျော့ကျလာခဲ့သော်လည်း အစိုးရသည် အောက်တိုဘာ ၃ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ဆန္ဒပြမှု ၁၀၀ ကျော်ကို ပိတ်ပင်ခဲ့ရသည်။
တရားမဝင်ဆန္ဒပြသူများအပေါ် ကြီးလေးသော ပြစ်ဒဏ်များချမှတ်မည်ဖြစ်ကြောင်း အစိုးရက သတိပေးထားသည်။
ဆိုးလ်မြို့ရှိ ဆန္ဒပြမှုများပြုလုပ်ရာနေရာများ၊ ဆိုးလ်မြို့လယ်ရင်ပြင်တစ်ဝိုက်တို့၌ ဘတ်စ်ကားများကို ရပ်ထားပြီး တံတိုင်းပြုလုပ်ထားသည်။
ဆန္ဒပြသူများကို မော်တော်ယာဉ်များဖြင့် ခေါ်ဆောင်လာခြင်းမပြုစေရန်အတွက်လည်း စစ်ဆေးရေးစခန်း ၉၀ ခန့်ကိုထားရှိခဲ့ကာ မြေအောက်ရထားသည်လည်း ဆန္ဒပြမှုများဖြစ်ပွားလေ့ရှိရာနေရာများ အနီးရှိ ဘူတာများတွင် ရပ်ဆိုင်းခြင်းမပြုခဲ့ချေ။
တောင်ကိုရီးယား၌ အောက်တိုဘာ ၂ ရက်တွင် COVID-19 ကူးစက်သူသစ် ၇၅ ဦးရှိခဲ့ပြီး ယင်းသည် သုံးရက်ဆက်တိုက် ကူးစက်သူ ဂဏန်းသုံးလုံးရှိခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယား၌ COVID-19 ကူးစက်သူ ၂၄၀၂၇ ဦးနှင့် သေဆုံးသူ ၄၂၀ ရှိနေသည်။

















