အများပြည်သူကျန်းမာရေးထက် စီးပွားရေးကို ပိုမိုဦးစားပေးခြင်းမရှိကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အောက်တိုဘာ ၃ ရက်တွင် ဖြေရှင်းပြောဆိုခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၌ COVID-19 ကူးစက်သူ ၂၉၉၅၀၆ ဦးနှင့် သေဆုံးသူ ၁၁၀၅၅ ဦးရှိခဲ့ပြီးနောက် အစိုးရ၏ COVID-19 တုံ့ပြန်မှုများ ထိရောက်မှုမရှိကြောင်း ဝေဖန်ပြောဆိုမှုများရှိလာခဲ့သည်။
အစိုးရသည် အများပြည်သူကျန်းမာရေးထက် စီးပွားရေးကို ပိုမိုဦးစားပေးနေကြောင်း အများပြည်သူကျန်းမာရေးကျွမ်းကျင်သူများက ဝေဖန်ခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် လုံလောက်စွာ ငွေကြေးသုံးစွဲမှုမပြုခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများအပေါ် ထိရောက်စွာ ကာကွယ်မပေးနိုင်ခြင်း၊ ပုဂ္ဂလိကကိုရိုနာဗိုင်းရပ်စစ်ဆေးမှုအတွက် ကုန်ကျစရိတ်များပြားလွန်းခြင်း တို့ရှိနေကြောင်း ပရဟိတအဖွဲ့များက ဝေဖန်ပြောဆိုခဲ့သည်။
အင်ဒိုနီးရှား၌ COVID-19 တိုက်ဖျက်ရေးသည် ဆိုးရွားသည်ဟု မဆိုနိုင်ဘဲ အခြားနိုင်ငံများထက်ပင် ပိုမိုထိရောက်သည်ဟု ဆိုနိုင်ကြောင်း၊ လူဦးရေပိုမိုများပြားသော နိုင်ငံများနှင့်နှိုင်းယှဉ်လျှင် အင်ဒိုနီးရှားသည် များစွာအထိနာနေခြင်းမရှိသေးကြောင်း ဂျိုကို ဝီဒိုဒိုကပြောဆိုခဲ့သည်။
နိုင်ငံတွင်း ဂျိုကိုဝီ ဟုသိကြသည့် သမ္မတသည် ကူးစက်သူဦးရေ များပြားနေသည့် ခရိုင်များနှင့် မြို့နယ်များတွင် ကူးသန်းသွားလာမှုပိတ်ပင်ချက်များ မချမှတ်ခြင်းနှင့်ပတ်သက်၍လည်း ခုခံပြောဆိုခဲ့သည်။ ကျန်းမာရေးကိစ္စများကို ဦးစားပေးခြင်းဖြင့် စီးပွားရေးကို ထိခိုက်ခံရန်မဖြစ်နိုင်ကြောင်း၊ စီးပွားရေးထိခိုက်ပါက လူသန်းပေါင်းများစွာ၏အသက်မွေးဝမ်းကြောင်း ထိခိုက်သွားမည်ဖြစ်ကြောင်း ဂျိုကိုဝီကပြောဆိုခဲ့သည်။
အရှေ့တောင်အာရှ၌ အကြီးဆုံးစီးပွားရေးကို ပိုင်ဆိုင်ထားသည့် အင်ဒိုနီးရှားသည် ၁၉၉၈ ခုနှစ်မှစ၍ ပထမဆုံးစီးပွားရေးကျဆင်းမှုနှင့်ရင်ဆိုင်ရတော့မည်ဖြစ်သည်။
ဝန်ကြီးများအနေဖြင့်လည်း ကူးစက်ရောဂါတိုက်ဖျက်ရေးကို ပိုမိုထိရောက်စွာလုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်သူများကလည်း အစိုးရထံသို့ တိုက်ရိုက်တိုင်ကြားအသိပေးနိုင်ကြောင်း ဂျိုကိုဝီကပြောဆိုခဲ့သည်။

















