မလေးရှား၌ အောက်တိုဘာ ၃ ရက်တွင် COVID-19 ကူးစက်သူသစ် ၃၁၇ ဦးဖြင့် စံချိန်တင်

မလေးရှား၌ အောက်တိုဘာ ၃ ရက်တွင် COVID-19 ကူးစက်သူသစ် ၃၁၇ ဦးဖြင့် စံချိန်တင်

မလေးရှားနိုင်ငံ၌ အောက်တိုဘာ ၃ ရက်တွင် COVID-19 ကူးစက်သူသစ် ၃၁၇ ဦး ဖြင့် တစ်ရက်အတွင်းကူးစက်သူသစ်စံချိန်တင်ရှိခဲ့သည်။

မလေးရှား၌ အောက်တိုဘာ ၂ ရက်တွင်လည်း COVID-19 ကူးစက်သူသစ် ဂဏန်းသုံးလုံးရှိခဲ့သည်။

မလေးရှား၌ COVID-19 ကူးစက်သူ ၁၂၀၈၈ ဦးရှိနေပြီဖြစ်သည်။ အောက်တိုဘာ ၃ ရက်တွင် COVID-19 ဖြင့်သေဆုံးသူတစ်ဦးရှိခဲ့သောကြောင့် သေဆုံးသူ ၁၃၇ ဦးရှိနေပြီဖြစ်သည်။

ကူးစက်မှုအစုအလိုက်အပြုံလိုက်ရှိနေသည့် နေရာသုံးနေရာကိုလည်း တွေ့ရှိထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မကြာသေးမီရက်များအတွင်း ကူးစက်သူသစ်ဦးရေ မြင့်တက်လာနေသော်လည်း ခရီးသွားလာမှုကန့်သတ်ထိန်းချုပ်ရန် မရှိသေးကြောင်း အစိုးရဝန်ကြီးတစ်ဦးကပြောဆိုခဲ့သည်။

မလေးရှားသည် မတ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကူးသန်းသွားလာမှုပိတ်ပင်ချက် ချမှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ကန့်သတ်ချက်များကို တဖြည်းဖြည်းဖြေလျှော့ပေးခဲ့သည်။

ကူးစက်သူဦးရေ ဂဏန်းသုံးလုံးအထိရှိလာပါက ကူးသန်းသွားလာမှုပိတ်ပင်ချက်များကို ပြန်လည်ချမှတ်မည်ဖြစ်ကြောင်း အစိုးရက သတိပေးထားသည်။

ကူးစက်သူသစ်အများစုသည် အိမ်နီးချင်းနိုင်ငံများမှရောက်ရှိလာသည့် ရွှေ့ပြောင်းများကို ထားရှိသော ထိန်းသိမ်းရေးစခန်းများနှင့် အသွားအလာကန့်သတ်ထားသော စီရင်စုများမှဖြစ်သောကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကန့်သတ်ချက်များကို ပြန်လည်ချမှတ်ဦးမည်မဟုတ်ကြောင်း လုံခြုံရေးဝန်ကြီး အစ္စမေးလ် ယာကွတ်ကပြောဆိုခဲ့သည်။

မလေးရှားရှိ ဒုတိယအကြီးဆုံး ပြည်နယ်ဖြစ်သော ဆာဘားပြည်နယ်၌ မကြာသေးမီတွင် ကူးစက်သူအများဆုံးရှိနေပြီး ပြည်နယ်တွင်း လွန်ခဲ့သောအပတ်တွင် ရွေးကောက်ပွဲကျင်းပခဲ့မှုနှင့် ကူးစက်သူသစ်များကြား ဆက်စပ်နေသည်။

နိုင်ငံရေးသမားတချို့သည်လည်း မဲဆွယ်စည်းရုံးမှုပြုရာတွင် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေရမည်ဆိုသည့် စည်းမျဉ်းကို မလိုက်နာခဲ့သည့်အတွက် ဝေဖန်မှုများရှိနေသည်။

ဆာဘားပြည်နယ်မှ အခြားဒေသများသို့လာရောက်သူများကိုလည်း ၁၄ ရက် သီးခြားထားရှိစောင့်ကြည့်စနစ်ဖြင့် နေထိုင်ရန် ညွှန်ကြားခြင်းမပြုခဲ့သည့်အတွက်လည်း အစိုးရအပေါ် ပြစ်တင်ပြောဆိုမှုများရှိနေသည်။