မြန်မာနိုင်ငံ ဗဟိုဘဏ်သည် ၂၀၁၉ - ၂၀ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၁၈ သန်းကျော် ကို ၀ယ်ယူခဲ့ကြောင်း ထုတ်ပြန်ထားသည်။ဘဏ္ဍာရေးနှစ် တစ်နှစ်တာ ကာလအတွင်း နိုင်ငံခြားငွေ ဈေးပြိုင် လေလံ စနစ်ဖြင့် အမေရိကန်ဒေါ်လာ ၃၁၈.၃ သန်း ကို ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။အမြင့်ဆုံးဈေးဖြင့် ၀ယ်ယူမှု နှုန်းထားမှာ တစ်ဒေါ်လာလျှင် ၁၅၂၇.၅ ကျပ် ဖြစ်ပြီး အနိမ့်ဆုံးဈေးဖြင့် ၀ယ်ယူမှုမှာ တစ်ဒေါ်လာလျှင် ၁၃၀၈.၅ ကျပ် ဖြစ်သည်။
'' ဒါက သူ့ရဲ့သာမန် လုပ်ရိုးလုပ်စဉ်ပါ။ ဘယ် ဗဟိုဘဏ်မဆိုပါ ။ လဲလှယ်နှုန်း တခုကို ဈေးကွက်မှာ ၀င်ပြီး ထိန်းကြောင်းပေးတဲ့ သဘောပေါ့ '' ဟု ဗဟိုဘဏ်တွင် ဒုတိယ ဥက္ကဌအဖြစ် တာ၀န် ထမ်းဆောင် ဖူးသူ ဦးသန်းလွင်က ပြောသည်။
၂၀၁၉- ၂၀ ဘဏ္ဍာရေးနှစ်အတွင်း လအလိုက် ဗဟိုဘဏ် ၀ယ်ယူမှု အချက်အလက်များကို ဖော်ပြပါ ပုံတွင် ကြည့်ရှုနိုင်သည်။တစ်ရက်အတွင်း အများဆုံး ၀ယ်ယူခဲ့မှုမှာ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၁၃၆၃.၅ ဖြင့် ကန်ဒေါ်လာ ၇.၇ သန်းကို ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
၂၀၁၉- ၂၀ ဘဏ္ဍာရေးနှစ် တစ်နှစ်တာအတွင်း ဗဟိုဘဏ်က နိုင်ငံခြားငွေကြေး ဈေးပြိုင်လေလံ ၀ယ်ယူ ခဲ့သော်လည်း အမေရိကန်ဒေါ်လာနှင့် ကျပ်ငွေ လဲလှယ်နှုန်းသည် ပျမ်းမျှ ၂၀၀ ကျပ် နီးပါး အထိ ကျဆင်းခဲ့သည်။
'' တကယ်လို့သာ သူ မ၀ယ်ခဲ့ရင် ဒီထက်ကျမှာပါ '' ဟု ဦးသန်းလွင်က ဆိုသည်။နိုင်ငံတော် ဗဟိုဘဏ်သည် ငွေကြေးလဲလှယ်မှုနှုန်း များစွာမြင့်တက်လျှင် ရောင်းချပေးခြင်း၊ များစွာ ကျဆင်းလျှင် ၀ယ်ယူပေးခြင်းတို့ကို လုပ်ဆောင်ရသည့် အဖွဲ့အစည်း ဖြစ်ကြောင်း ဦးသန်းလွင်က ပြောသည်။
'' သူတို့ လုပ်နေတဲ့ သဘောက နှုန်းလေးကို ထိန်းထားရုံလောက်ပါပဲ။ ဒါပေမယ့် နောက်ကပဲ လိုက်နေရုံပါပဲ '' ဟု ပြင်ပ ငွေကြေးဈေးကွက်မှ အကျိုးဆောင် တစ်ဦးက ပြောသည်။၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် တစ်လတာ ကာလအတွင်း တစ်ကြိမ်သာ ၀ယ်ယူမှု ရှိခဲ့သည့် လများမှာ ၂၀၁၉ ခုနှစ် အောက်တိုဘာလ နှင့် ၂၀၂၀ ပြည့်နှစ် ဧပြီလတို့ ဖြစ်ပြီး ကျန်ရှိသည့် လများတွင် အနည်းဆုံး ၅ ကြိမ်မှ အများဆုံး ၁၅ ကြိမ် အထိ ၀ယ်ယူခဲ့ကြောင်း ဗဟိုဘဏ် ထုတ်ပြန်ချက်များအရ သိရသည်။

















