ဓားဖြင့်ထိုးကာ ဖုန်းနှင့်ဆိုင်ကယ်လုယက်မှုကျူးလွန်သူ နှစ်ဦးကိုဖမ်းမိ

ဓားဖြင့်ထိုးကာ ဖုန်းနှင့်ဆိုင်ကယ်လုယက်မှုကျူးလွန်သူ နှစ်ဦးကိုဖမ်းမိ

ပင်းတယမြို့တွင် ဓားဖြင့်ထိုးကာ ဖုန်းနှင့် ဆိုင်ကယ်လု ယက်မှုကျူး လွန်သူ နှစ်ဦးကို ဖမ်းမိရမိခဲ့ကြောင်း အောက်တိုဘာ ၄ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

အောက်တိုဘာ ၂ ရက် ညပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ ကျေးရွာတွင် နေထိုင်သူအမျိုး သားသည် ရပ်စောက်-ပင်းတယ သွားကားလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဉ် အမျိုးသားနှစ်ဦး စီးနင်းမောင်းနှင်လာသော ဆိုင်ကယ်တစ်စီးက ၎င်း၏အနီးသို့ ရောက်ရှိလာခဲ့သည်။

အဆိုပါ ဆိုင်ကယ်ပေါ်ပါ အမျိုးသားနှစ်ဦးက ခြောက်လှန့်ပြောဆိုခြိမ်းခြောက်ပြီး လမ်းသွယ်တစ်ခုထဲသို့ ခေါ်ဆောင်ကာ ကန်ကြောက်၍ ဓားဖြင့်ထိုးပြီး လက်ကိုင်ဖုန်းနှစ်လုံးနှင့် ဆိုင်ကယ်ကို လုယူသွားခဲ့သည်။ဓားဖြင့်ထိုးခံရသူမှာ အမျိုးသားတွင် ရင်ဘတ်နှင့် ဘယ်လက်မောင်းတွင် ထိုးသွင်းပြတ်ရှဒဏ်ရာများ ရရှိခဲ့သောကြောင့်အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ စုံစမ်းချက်အရ မိုင်းအင်ကျေးရွာမြောက်ဘက် တစ်ဖါလုံခန့်အကွာရှိ နှင်းဆီခြံတွင်နေထိုင်သည့် အလုပ်သမား ဝင်းမိုးထက်(ခ) ဘဲဘဲ(၁၉)နှစ်နှင့် ရန်နိုင်မျိုး(ခ)သားပု (၂၃)နှစ်တို့ဖြစ်ကြောင်းသိရသဖြင့် အောက်တိုဘာ ၄ ရက် ယနေ့နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ရပ်စောက်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရအမှုဖွင့် စစ်ဆေးလျက်ရှိသည်။