ဇင်းကျိုက်မြို့တွင် အလုပ်မလုပ်ဘဲ ပြဿနာရှာ ပိုက်ဆံပဲတောင်းနေသည့်သားကို ဖခင်ကဓားဖြင့် ခုတ်သတ်ခဲ့သည်ဆိုမှု ယနေ့ အောက်တိုဘာ ၄ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
အောက်တိုဘာ ၄ ရက်ညနေ ၆နာရီ ၄၀ မိနစ်အချိန်တွင် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ခလောက်အင်းရပ်ကွက် နယ်မြေ (၄) အောင်သစ္စာလမ်းရှိ နေအိမ်တစ်အိမ်တွင် လူသတ်မှုဖြစ်ပွား ကြောင်းသတင်းအရ ရဲတပ်ဖွဲ့ကသွား ရောက်စစ်ဆေးခဲ့သည်။
အဆိုပါရပ်ကွက်နေ လက်သမားအလုပ် လုပ်ကိုင်သူဦးအောင်ထိန် (၆၂) နှစ်၏ နေအိမ်ရှေ့ လမ်းပေါ်တွင် ၎င်း၏ သားဖြစ်သူ ရဲမင်းပိုင်(၂၅) နှစ်မှာ ဦးခေါင်းနှင့်ပခုံးတို့တွင် ဒဏ်ရာများရရှိသေဆုံးနေသည်ကိုတွေ့ရသည်။
စုံစမ်းချက်အရ သားဖြစ်သူရဲမင်းပိုင်မှာ မိသားစုကိုမကြာခဏပြဿနာရှာပြီး ပိုက်ဆံတောင်းလေ့ရှိကြောင်း၊ အခင်းဖြစ်ချိန်က၎င်းတောင်းသည့်ငွေကို မပေးသဖြင့် သေဆုံးသူက ဖခင်ဦးအောင်ထိန်ကို လက်သီးဖြင့်ထိုးခဲ့ရာ ဖခင်ဖြစ်သူ၏နထင်စပ်၌ဖူးရောင်ဒဏ်ရာရခဲ့ကြောင်း၊ သားဖြစ်သူကထိုသိုပြုခဲ့ခြင်းကြောင့် ဖခင်ဦးအောင်ထိန်က ခံပြင်းဒေါသထွက်ကာ အိမ်ထဲဓားဝင်ယူပြီး ခုတ်ခဲ့သောကြာင့် ရဲမင်းပိုင်မှာ ဦးခေါင်းနှင်ပုခုံးတို့၌ ဒဏ်ရာများရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဇင်းကျိုက်နယ်မြေရဲစခန်းမှ (ပ)၅၅/၂၀၂၀ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ အရ အမှုဖွင့်ဖမ်းဆီးအရေး ယူထားကြောင်းသိရသည်။

















