COVID-19 ဂယက်ကြောင့် မြန်မာ့သနပ်ခါးစျေးကွက် ရပ်တန့်နေ

COVID-19 ဂယက်ကြောင့် မြန်မာ့သနပ်ခါးစျေးကွက် ရပ်တန့်နေ

COVID-19 ဂယက်ကြောင့် မြန်မာနိုင်ငံ၏ သနပ်ခါးဈေးကွက်မှာ ရပ်တန့်နေကြောင်းမြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးကျော်မိုးကပြောသည်။

''အရောင်းအဝယ်တွေ အနုတ်ပြနေတဲ့အချိန်ပါ။ သနပ်ခါးအရောင်းအဝယ်ဈေးကွက်ကဘာမှကို မရှိဘူး။ အကုန်လုံးက အသွားအလာတွေရပ်ပြီး အခက်အခဲတွေဖြစ်နေကြတာပါ။စားသောက်ကုန်လောက်ပဲ အလုပ်ဖြစ်တော့တာပါ။ အရာတော်မြို့မှာဖွင့်ထားတဲ့ သနပ်ခါးပွဲရုံတွေလည်း ပိတ်ထားပါတယ်''ဟု ဦးကျော်မိုးက ပြောသည်။

သနပ်ခါးတောင်သူများအနေဖြင့်သနပ်ခါးဈေးကွက် လုံးဝရပ်တန့်နေသည့်အတွက်အခြား နီးစပ်ရာအလုပ်လုပ်ကိုင်ကာ စားသောက်နေရခြင်းများရှိလာကြောင်း သိရသည်။

''သနပ်ခါးတောင်သူတွေအနေနဲ့ ပြောင်းလဲစိုက်တဲ့ လျှော်ဖြူဈေးကွက်လည်း အဝယ်ရပ်သလိုဖြစ်နေတယ်။ တခြားသီးနှံကလည်း ဖြစ်ဖြစ်မြောက်မြောက် ပေါ်တာမဟုတ်ဘူး။တောင်သူတွေတင်မကဘူး။ တခြားသူတွေပါ စီးပွားရေးကျပ်နေကြတာပါ''ဟု ဦးကျော်မိုးကပြောသည်။

မြန်မာနိုင်ငံ သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအနေဖြင့်အသင်းဝင်တောင်သူများကို သဘာဝအော်ဂဲနစ် ပိုးသတ်ဆေးနှင့် မြေဆီများကို တတ်နိုင်သလောက်ထောက်ပံ့ပေးနေပြီး ရှိသည့်ရန်ပုံငွေအပေါ်ကြည့်၍ ထောက်ပံ့ပေးနေကြောင်းသိရသည်။

မုံရွာခရိုင်အတွင်း သနပ်ခါးမြို့တော်ဟုခေါ်တွင်သည့် အရာတော်မြို့နယ်အတွင်းသနပ်ခါးစိုက်ဧက တစ်သိန်းကျော်ရှိပြီး လက်ရှိအချိန်၌ သနပ်ခါးဈေးနှုန်းများ ကျဆင်းလျက်ရှိကာ ယခင်က ငွေကျပ် ၁ဝ,ဝဝဝ တန်ဖိုးရှိသော သနပ်ခါးပင်သည် ယခုအချိန်၌ ငွေကျပ် ၇,ဝဝဝ အောက်လျော့သောဈေးသို့ ရောက်နေကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး