ပဲခူးမြစ်ကူးတံတား အောက်တွင် ကီးပက်ဖုန်းပျောက်သည့်ကိစ္စစကားများရာက လူတစ်ဦးအား ဝါးတုတ်၊သံတူဖြင့်ရိုက်နှက်သတ်ခဲ့သည့် ဆိုသူ ၂ ဦးကို ဖမ်းဆီးအရေး ယူထားကြောင်း အောက်တိုဘာ ၅ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
အောက်တိုဘာ ၄ ရက်ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့်က ပဲခူးမြို့ ၊ဇိုင်းဂနိုင်းမြောက်ရပ်ကွက်၊ ပဲခူးမြစ်ကူးတံတား အောက်ရေစပ်တွင် အမျိုးသားတစ်ဦးသည်ဦးခေါင်းနှင့်ခန္ဓာကိုယ်တွင်ဒဏ်ရာများရရှိ၍သေဆုံးနေကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးကျော်မိုး အကြောင်းကြားသဖြင့်အမှတ်၂နယ်မြေစခန်းမှူးရဲအုပ်ရဲထွဋ်ကိုနှင့်အဖွဲ့က သွားရောက်စစ် ဆေးခဲ့သည်။အဆိုပါပဲခူးမြစ်ကူးတံတားအောက် ရေစပ်တွင် အသက် ၅၀ အရွယ် အမျိုးသားမှာပက်လက်အနေအထားဖြင့်သေဆုံးနေသည်ကိုတွေ့ရသည်။
သေဆုံးသူမှာ ဦးလေး(ခ)ဂေထူးဆိုသူဖြစ်ပြီး စိုးလေး(ခ)စိုးသူအောင်နှင့်ကိုကိုမျိုး(ခ)သူရဲပေါက် တို့နှင့်ကီးပတ်ဖုန်းပျောက် ဆုံးသည့်ကိစ္စဖြင့်စကားများရာမှ စိုးလေး(ခ)စိုးသူအောင်ကအရှည်(၁)ပေခန့်ရှိဝါးကျစ်တုတ်ဖြင့် ဦးလေး၏ဦးခေါင်းကို(၄)ချက်ခန့်ရိုက်ပြီး ကိုကိုမျိုး(ခ)သူရဲပေါက်ဆိုသူကလည်းဦးလေးဆိုသူ၏ကျောကုန်းနှင့်ဦးခေါင်းကိုသံတူဖြင့်ထုခဲ့ရာကသေဆုံးခဲ့ကြောင်းသိရသည်။
ပဲခူးအမှတ်(၂)နယ်မြေရဲစခန်းအမှုကြီးအမှတ်စဉ်(၇/၂၀၂၀)၊(ပ)၈၃၃/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂အရအမှုဖွင့်ကာစခန်းမှုးရဲအုပ်ရဲထွဋ်ကိုနှင့်နယ်ထိန်းတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူစိုးလေးနှင့်ကိုကိုမျိုးတို့နှစ်ဦးကို ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့်ပစ္စည်းများနှင့်အတူဖမ်းမိခဲ့သောကြောင့်ဆက်လက်အရေးယူထားသည်။

















