အိမ်ရှေ့အမှိုက်သွန်သည့် ကိစ္စကိုတားမြစ်ရာက မကျေနပ်သဖြင့် ဓားဖြင့်ထိုးသတ်

အိမ်ရှေ့အမှိုက်သွန်သည့် ကိစ္စကိုတားမြစ်ရာက မကျေနပ်သဖြင့် ဓားဖြင့်ထိုးသတ်

သန်လျင်မြို့တွင် အိမ်ရှေ့ အမှိုက်သွန်သည့်ကိစ္စကိုတားမြစ်ရာက မကျေနပ်သဖြင့် ဓားနှင့်ထိုးသတ်ခဲ့သည်ဆိုမှုကို အရေးယူထားကြောင်း အောက်တိုဘာ ၅ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

အောက်တိုဘာ ၃ ရက်မွန်းလွဲ ၂ နာရီအချိန်တွင်၊သန်လျင်မြို့နယ်၊အုတ်ဖိုစု ရပ်ကွက်နေဒေါ်ခင်ကျော့ကျော့မှုးနေအိမ်တွင်ခင်ပွန်းဖြစ်သူမြင့်ဇော်ဦး(၄၆)နှစ်နှင့်အတူစကားပြောဆိုနေစဉ်နေအိမ်ခေါင်းရင်းဘက်နေ ကျော်လှိုင်(၄၉)နှစ်ကနေအိမ်ရှေ့လမ်းမပေါ်သို့အမှိုက်များလာပုံသဖြင့်ခင်ပွန်းဖြစ်သူဦးမြင့်ဇော်ဦးမှအမှိုက်မပုံရန်ပြောဆိုခဲ့သည်။

၎င်းမှဘာမှပြန်လည်ပြောဆိုခြင်းမရှိပဲ ထွက်ခွာသွားခဲ့သည်။ဦးမြင့်ဇော်ဦး နေအိမ်ခြံဝင်းအတွင်း၌ အမှိုက်များလှဲနေစဉ် ကျော်လှိုင် မှရောက်ရှိလာပြီး အမှိုက်ပုံသည့်ကိစ္စကိုပြောဆိုခဲ့သည်ကိုမကျေနပ်သဖြင့် အရိုးအသွား ၁၀ လက်မခန့်ရှိ စတီးဓားဦးချွန်ဖြင့် ဦးမြင့်ဇော်ဦးကိုထိုးခဲ့သည်။

ဓားဖြင့်အထိုးခံရသဖြင့်ခင်ပွန်းဦးမြင့်ဇော်ဦးမှလဲကျသွားပြီးကျော်လှိုင်မှာဓားကိုပစ်ချကာထွက်ပြေးသွားခဲ့သည်။ ခင်ပွန်းတွင်ယာဘက်နို့အုံအောက်ထိုးသွင်းဒဏ်ရာ(စိုးရိမ်ရ)တစ်ချက်ရရှိကာ သန်လျင်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာ အနေနှင့်ဆေးဝါးကု သမှုခံယူခဲ့ရသောကြောင့်အရေးယူပေးရန်တိုင်ကြားခဲ့သည်။

သန်လျင်မြို့မရဲစခန်း(ပ)၃၀၀၇/၂၀၂၀ရာဇသတ်ကြီးပုဒ်မ၃၂၆ အရ အမှုဖွင်စစ်ဆေးနေစဉ် မြင့်ဇော်ဦးမှာ ရရှိသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ သောကြောင့်မူလရေးဖွင့်ထားသောရာဇသတ်ဥပဒေပုဒ်မ ၃၂၆ မှ ၃၀၂ သို့ပြောင်းလဲရေးဖွင့်ကာ ဒုရဲမှုးစိုး၀င်းက စစ်ဆေးလျက်ရှိသည်။