COVID-19 အန္တရာယ် အမြင့်ဆုံးသတိပေးချက်အဖြစ် ပါရီရှိ ဘားဆိုင်များကို ပိတ်သိမ်း

COVID-19 အန္တရာယ် အမြင့်ဆုံးသတိပေးချက်အဖြစ် ပါရီရှိ ဘားဆိုင်များကို ပိတ်သိမ်း

ပြင်သစ်နိုင်ငံမြို့တော် ပါရီ၌ COVID-19 ကူးစက်သူသစ်ဦးရေ နေ့စဉ်တိုးနေခဲ့ပြီးနောက် ကူးစက်ရောဂါဆိုင်ရာ အမြင့်ဆုံး သတိပေးမှုတစ်ရပ်အဖြစ်ဖြင့် ပါရီရှိ ဘားများအားလုံးကို စက်တင်ဘာ ၆ ရက်နေ့မှစတင်၍ ပိတ်သိမ်းမည်ဖြစ်ကြောင်း ပြင်သစ်အစိုးရက ထုတ်ပြန်ခဲ့သည်။

ပြင်သစ်၌ စက်တင်ဘာ ၄ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၂၅၆၅ ဦး ရှိခဲ့သည်။ မာဆေးမြို့၌ လွန်ခဲ့သောအပတ်တွင် ဘားများနှင့် စားသောက်ဆိုင်များကို ပိတ်သိမ်းခဲ့သည်။

ဒေသတစ်ခု၌ လူ ၁၀၀၀၀၀ လျှင် ၂၅၀နှုန်းကျော်ကူးစက်ခံရပြီး အထူးကြပ်မတ်ကုသဆောင်ခုတင်၏ ၃၀ ရာခိုင်နှုန်းတွင် လူနာများရှိနေပါက ကူးစက်မှုအန္တရာယ်အမြင့်ဆုံးအဖြစ် သတ်မှတ်ထားသည်။

ဗိုင်းရပ်စ်ကို ဟန့်တားထိန်းချုပ်နိုင်ရန် မရှိမဖြစ်လိုသည့် အဆိုပါစည်းမျဉ်းများသည် ပါရီနှင့် ပါရီဝန်းကျင်မှာရှိသည့် မြို့နယ်သုံးခုအပေါ် နှစ်ပတ်ကြာ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

မြို့တော်အတွင်းရှိ စားသောက်ဆိုင်များသည် ဆက်လက်ဖွင့်လှစ်နိုင်ရန်အတွက် ချမှတ်ထားသော ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းများကို လိုက်နာ ရမည်ဖြစ်ပြီး တက္ကသိုလ်ရှိ ဟောပြောပွဲခန်းမများတွင်လည်း ဝင်ဆံ့ပမာဏ၏ ထက်ဝက်ထက်ကျော်၍ ခွင့်မပြုချေ။

စားသောက်ဆိုင်ကြီးများ၊ အစား အသောက်ရောင်းချသော ဆိုင်ငယ်များနှင့် အရက်ရောင်းချသောဆိုင်များသည် စားသုံးသူများ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရေးစည်းမျဉ်းလိုက်နာလာရေးအတွက် တိုက်တွန်းဆောင်ရွက်ရမည်ဖြစ်သည်။

ယင်းဆိုင်များကို ည (၁၀) နာရီအထိ ဖွင့်လှစ်ခွင့်ပြုထားသည်။

နေအိမ်မှ အလုပ်လုပ်ခြင်းမှာ ဦးစားပေးလုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

ဘားများကို ပိတ်သိမ်းရခြင်းမှာ ပါရီမြို့နေ ပြည်သူများအတွက် အလွန်တရာ အကျပ်အတည်းဖြစ်စေသည်ကို သိရှိပါကြောင်း ပြည်ထဲရေးဝန်ကြီး ဂျာရက်ဒါမာနင်က ပြောဆိုခဲ့သည်။