ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် ငွေကျပ် ၁၀ ဘီလီယံတန်ဖိုးရှိ ICE များ သိမ်းဆည်းရမိခဲ့ကြောင်းအောက်တိုဘာ ၅ ရက်နေ့တွင် မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။
အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲ ၂:၅၀ မိနစ် အချိန်တွင် မိုင်းဆတ်မြို့၊ တန့်ဆိုင်ကျေးရွာအုပ်စု၊ ကျအူဖုရား(တန့်ဆိုင်)ကျေးရွာအနီးတွင် တန့်ဆိုင်-မိုင်းဆတ် သွားလမ်းဘက်သို့မောင်းနှင်လာသော Vigo အမျိုးအစားမော်တော်ယာဉ်ကို စစ်ဆေးရန် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ ရပ်တန့်ခိုင်းခဲ့သည်။
အဆိုပါယာဉ်မှာ စစ်ဆေးရေးအဖွဲ့ နားမရောက်မီ ယာဉ်ပေါ်ပါအမျိုးသား ၂ ဦးမှယာဉ်ကိုရပ်တန့်ပြီး ထွက်ပြေးသွားခဲ့သည်။ပူးပေါင်းအဖွဲ့က ခြောက်လှန့်သတိပေး ပစ်ခတ်လိုက်လံဖမ်းဆီးသော်လည်း လျှိုအတွင်းသို့ ထွက်ပြေးပျောက်ကွယ် သွားခဲ့ကြောင်းသိရသည်။ အဆိုပါ မော်တော်ယာဉ်ကိုစစ်ဆေးရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ICE အလေးချိန် ၅၀၀ ကီလိုတန်ဖိုးငွေကျပ် ၁၀ ဘီလီယံ ကို တွေ့ရှိသိမ်း ဆည်းရမိခဲ့သည်။
မိုင်းဆတ်မြို့မ ရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုရေးဖွင့်ပြီး တရားခံ ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိသည်။

















