၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၆ ရက် နံနက်ခင်းသည် မြူခိုးအတိဖြင့် အေးစက်လွန်းလှသည်။သို့သော် သာယာသောနံနက်ခင်းနှင့်အတူအေးချမ်းမှုကို အိုဂါချီရွာလေးပိုင်ဆိုင်ထားသည်။ ထိုနေ့တွင် ဂျပန်နိုင်ငံ၏ ခေါင်းဆောင်ဖြစ်လာမည့်သူတစ်ဦးကို စတော်ဘယ်ရီခြံစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သော မိဘနှစ်ပါးကမွေးဖွားပေးခဲ့သည်။
ထိုသူကားအခြားမဟုတ်။ ဂျပန်ဝန်ကြီးချုပ်သစ် ယိုရှီဟီဒဲဆူဂါပင် ဖြစ်သည်။
ဂျပန်နိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံးသော ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ကျန်းမာရေးအကြောင်းပြချက်ကြောင့် ရာထူးမှနုတ်ထွက်ခဲ့သည်။ ယင်းနောက်တွင် ယိုရှီဟီဒဲဆူဂါအာဏာရလစ်ဘရယ် ဒီကရက်တစ်ပါတီ((LDP)) တွင်း ခေါင်းဆောင်နေရာကို ယှဉ်ပြိုင်ရယူကာ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။
ဆူဂါတစ်ယောက် မည်သည့်အတွက်ကြောင့် ဂျပန် ဝန်ကြီးချုပ်သစ် ရုတ်တရက်ကြီးဖြစ်သွားတာလဲကိုမေးခွန်းထုတ်ရမည်ဖြစ်သည်။ ဆူဂါကို အာဏာရလစ်ဘရယ် ဒီမိုကရက်တစ်ပါတီ((LDP))ခေါင်းဆောင်များက ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ ပါတီခေါင်းဆောင်များမှာ သြဇာကြီးမားလှသည်။ ဝန်ကြီးချုပ်တစ်ဦးကို တင်မြှောက်နိုင်သည်။ မကြိုက်လျှင်လည်း ဖြုတ်ချနိုင်လောက်အောင် နောက်ကွယ်က အစွမ်းပြတတ်သူများဖြစ်ကြသည်။ ပါတီခေါင်းဆောင်များအနေဖြင့်လည်း ဆူဂါထက် ပိုမိုထိုက်တန်သူကို ရှာမတွေခဲ့။
အများပြည်သူအနေဖြင့် ဝန်ကြီးချုပ်ရွေးချယ်ရာတွင် ပါဝင်ခွင့်မရခဲ့ချေ။ ရွေးကောက်ပွဲများတွင် အောင်ပွဲခံနိုင်ပါက ပါတီအတွက်ကောင်းမွန်သူအဖြစ် ယူဆသောကြောင့် ဆူဂါသည် ဖိအားများနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ ဆူဂါသည် ဝန်ကြီးချုပ်အဖြစ် ထိုက်တန်သူဖြစ်ကြောင်း ပါတီနှင့် ဂျပန်ပြည်သူများကို သက်သေပြရန် လိုအပ်နေသည်။
ဆူဂါသည် ဂျပန်နိုင်ငံရေးသမိုင်းတွင် အခြေခံအုတ်မြစ်ကောင်းများ ရှိထားသူဖြစ်သည်။ ၁၉၈၇ ခုနှစ်သည် ဆူဂါ၏စစ်မှန်သော နိုင်ငံရေးသမားဘဝ နိဒါန်းသို့မဟုတ်တာထွက် အစဖြစ်သည်ဟု ဆိုနိုင်သည်။ ယင်းခုနှစ်တွင် ဆူဂါသည် နေအိမ်ပေါင်း ၃၀ဝဝဝ ကျော်ထံ တစ်အိမ်တက် တစ်အိမ်ဆင်း မဲဆွယ်ဟောပြောစည်းရုံးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယိုကိုဟားမား မြို့တော်ကောင်စီတွင် ရွေးချယ်ခံခဲ့ရသည်။ မဲဆွယ်မှုများ ပြုလုပ်စဉ်ကာလအတွင်း ဆူဂါသည် သားရေဖိနပ်ခြောက်ရံအထိ လဲလှယ်ဝတ်ဆင်ခဲ့ရသည်။ လူစုလူဝေးများသော ဘူတာရုံများတွင် သူ၏နိုင်ငံရေးအယူအဆ၊ ရည်မှန်းချက်များနှင့် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာဟောပြောမှုများကို ဆောင်ရွက်ခဲ့ခြင်းများသည် ယခုအခါ ဝန်ကြီးချုပ်တစ်ဦးဖြစ်လာရန် ကနဦးခြေလှမ်းများပင် ဖြစ်သည်။
ဆိုရလျှင် ဆူဂါသည် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးထက်ပင် နိုင်ငံရေးအတွေ့အကြုံပိုမိုများပြားခဲ့သည်ဟု ပြောနိုင်ပေသည်။ ငယ်ရွယ်စဉ်အခါကပင် နိုင်ငံရေးအားစိတ်ဝင်စားမှုရှိခဲ့သလို လမ်းကြောင်းပေါ်တွင်လည်း မဖဲ့မစောင်း လျှောက်လှမ်းခဲ့သူဖြစ်သည်။ ၁၉၉၀ပြည့်နှစ်ဝန်းကျင်ကာလများသည် ဆူဂါအတွက်အမျိုးသားနိုင်ငံရေးအတွက် ဦးတည်ချက်အပြည့်ဖြင့် ကြိုးစားခဲ့သောကာလများဖြစ်သည်။
အများပြည်သူရှေ့တွင် ဟောပြောစည်းရုံးသည့် အလေ့အထကောင်းများ ရလာခဲ့သည်။ ထို့ကြောင့် ၁၉၉၆ ခုနှစ်တွင် ကာနာဂါဝါခရိုင်(၂) အတွက် လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည်။ လွှတ်တော်အမတ်တစ်ဦးသာဖြစ်သော်လည်း နောက်ပိုင်းနှစ်များတွင် ဆူဂါသည် အစိုးရအဖွဲ့ဝန်ကြီးများအထိ လက်လှမ်းမီခဲ့သူဖြစ်သည်။ ၂၀ဝ၅ ခုနှစ် နိုဝင်ဘာတွင်မူ ဂျပန်ပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (၁) အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ၂၀ဝ၆ ခုနှစ်သို့ရောက်သည့်အခါ ရှင်ဇိုအာဘေးဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီးနောက် အရည်အချင်းပြည့်ဝပြီး ရိုးသားသောဆူဂါကို အာဘေးကအနားခေါ်ထားလိုက်တော့သည်။ ထို့ကြောင့်ဆူဂါသည်ပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဖြစ်လာသည်။ ဆူဂါ၏ နိုင်ငံရေးလမ်းစဉ်သည် ပြည်သူကိုအခြေပြုပြီးရည်မှန်းချက်ထားသည့်အတွက် အများ၏လေးစားခြင်းကို ခံရသည်။
၂၀၁၁ ခုနှစ်တွင်တော့ လက်ရှိအာဏာရပါတီဖြစ်သော လစ်ဘရယ်ဒီမိုကရက်တစ်ပါတီအဖွဲ့အစည်းနှင့် မဲဆွယ်ရေးဌာနချုပ်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံရသည်။ ရှင်ဇိုအာဘေးအတွက် နိုင်ငံရေးရည်မှန်းချက်လည်း အမြင့် မားဆုံးအဆင့်အထိ တွန်းပို့ပေးခဲ့ပြီး ဝန်ကြီးချုပ်ကောင်းတစ်ဦးဖြစ်လာစေရန် တိုက်တွန်းဆောင်ရွက်မှုများရှိခဲ့သည်။ စီးပွားရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုဆောင်ရွက်ချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖော်ဆောင်နိုင်စေရန်အလို့ငှာ ဆူဂါက အကြံပေးခဲ့ခြင်းဖြစ်သည်။
၂၀၁၂ အထွေထွေရွေးကောက်ပွဲတွင်မူ ရှင်ဇို အာဘေး အနိုင်ရရှိခဲ့သည့်အခါ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီးနောက် ဆူဂါသည် အစိုးရဝန်ကြီးအဖွဲ့၏အတွင်းဝန်ချုပ် ဖြစ်လာခဲ့သည်။ ဂျပန်၏နိုင်ငံခြားရေးမူဝါဒနှင့် အစိုးရလမ်းစဉ်များအပေါ်တွင် အာဘေးသည်ဆူဂါအပေါ်အားထားရသလို ဆူဂါသည်လည်း အစိုးရအဖွဲ့ဝင်ဝန်ကြီးများအပေါ်တွင်လည်း သြဇာညောင်းသည်။ ထို့ကြောင့် ဆူဂါကိုဝန်ကြီးအဖွဲ့က အာဘေး၏ညာလက်ရုံးကြီးဟု တင်စားခေါ်ဝေါ်ကြသည်။
ယင်းသို့ ခေါ်ဝေါ်သည့်အတိုင်းပင်ဆူဂါကလည်း အာဘေးအတွက် လက်တွဲဖော်ကောင်းတစ်ဦးဖြစ်ခဲ့ပြီး အစိုးရအဖွဲ့၏စီမံခန့်ခွဲမှုလမ်းစဉ်များ ယိုင်နဲ့မသွားအောင် လမ်းညွှန်မှုပေးနိုင်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်အား ဂျပန်အနေဖြင့် စတင်ကြုံတွေ့ခဲ့ရသည့် ၂၀၂၀ ပြည့်နှစ်အစောပိုင်းမှစ၍ ဆူဂါသည် ဝန်ကြီးချုပ်ရှင်ဇိုအာဘေးအတွက် အဓိကအရေးပါသူတစ်ဦးဖြစ်လာခဲ့သည်။ ထို့ပြင် ဂျပန်နိုင်ငံ၏ အရာမရောက်သော ဗြူရိုကရေစီတည်ဆောက်ပုံကိုလည်း ပြင်းထန်စွာဝေဖန်ခဲ့ပြီး ကပ်ရောဂါအားတိုက်ဖျက်ရန်အတွက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ မရပ်မနားအားထုတ်ကြရန်ပြောဆိုခဲ့သည်။ ဆူဂါသည် ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်ရာထူးကို တရားဝင်ဆက်ခံနိုင်ခဲ့ပြီ ဖြစ်သည်။
ဆူဂါသည် ဝန်ကြီးချုပ်ရှင်ဇိုအာဘေးအတွက် အမှုထမ်းရင်းဖြင့် အစိုးရအဖွဲ့အတွင်းဝန်ချုပ် ရာထူးကို ထမ်းဆောင်ခဲ့သည်မှာ ရှစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဒါကြောင့် အတွေ့အကြုံရင့်ကျက်မှုရှိပြီး ခေါင်းဆောင်နိုင်စွမ်းပြည့်ဝနေသည်ဆိုခြင်းအပေါ် လက်ခံပေးနိုင်သည်။ သို့သော် လက်ရှိရင်ဆိုင်နေရသည့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအကျပ်အတည်း၊ စီးပွားရေးပြန်လည် ဦးမော့စေရေးနှင့် ဗြူရိုကရေစီ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များသည် ကြီးမားသည့် စိန်ခေါ်မှုများဖြစ်သည့်အားလျော်စွာ ဆူဂါအတွက် စိန်ခေါ်မှုကြီးမားလွန်းနေသည်မှာအမှန်ပင်ဖြစ်သည်။ ယင်းကဲ့သို့ကြီးမားသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ်ရန်အတွက် ခေါင်းဆောင်သစ်ဆူဂါတွင် အရည်အချင်းများရှိနိုင်ပါ၏လောဟု မေးခွန်းထုတ်သူများလည်း ရှိသည်။ ဂျပန်အာဏာရပါတီဖြစ်သော လစ်ဘရယ် ဒီမိုကရက်တစ်ပါတီအနေဖြင့် ဆူဂါအားခေါင်းဆောင်အဖြစ်ရွေးချယ်တင်မြှောက်ခဲ့သလို ဝန်ကြီးချုပ်တာဝန်ကို ပခုံးပြောင်း တာဝန်ထမ်းဆောင်စေခဲ့ခြင်းမှာ ယုတ္တိဆန်သော လုပ်ရပ်တစ်ခုဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဆူဂါသည်ကျင့်ဝတ်သိက္ခာအရမြင့်မားသူဖြစ်သလို အစိုးရအဖွဲ့ကိုလည်း ထိန်းကျောင်းတည့်မတ်နိုင်စွမ်းရှိသောကြောင့်ဖြစ်သည်။ သို့သော် အစိုးရအဖွဲ့အတွင်း စီမံခန့်ခွဲမှုကောင်းမွန်သော အရည်အချင်းသည် ဂျပန်ပြည်သူများ၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် လုံလောက်ပြည့်မီသော အရည်အချင်းမျိုးဖြစ်သည်၊ မဖြစ်သည်ကိုတော့ မေးခွန်းထုတ်သည်မှာ လက်တွေ့ကျသည်ဟု မြင်မိသည်။
လက်ရှိကြုံတွေ့နေရသော အခက်အခဲ အကျပ်အတည်းများကို ရင်ဆိုင်ရာတွင်ဆူဂါ အနေဖြင့် ပထမဆုံးလုပ်ဆောင်ရမည်မှာဖြစ်ပေါ်နေသောအခြေအနေများနှင့် ကိုက်ညီသော ဆုံးဖြတ်ချက်များကို ချမှတ်ရမည်ဖြစ်သည်။ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးအား အနီးကပ် အကြံပေးသူတစ်ဦးဖြစ်သည့်အားလျော်စွာ မူဝါဒရေးရာနှင့် လုပ်ငန်းစဉ်များအပေါ် ဆူဂါအနေဖြင့် အထူးတလည် ပြောင်းလဲ၍ ဆုံးဖြတ်ချက်များချမှတ်ရန် မလိုကြောင်း သုံးသပ်သူများလည်းရှိသည်။ စင်စစ်အားဖြင့် အစိုးရအဖွဲ့ ခေါင်းဆောင်တစ်ဦးအနေဖြင့် ဝန်ကြီးချုပ်ရာထူးကို ပြောင်းလဲဆက်ခံသည့်အခါ အခက်အခဲများစွာကြုံရနိုင်သည်။ အစိုးရ ဝန်ကြီးအဖွဲ့ အတွင်းဝန်ချုပ်ရာထူးဆိုသည်မှာ စီမံခန့်ခွဲမှုအပိုင်းနှင့် အပြန်အလှန်ထိန်းကျောင်းရေးဆိုင်ရာကိစ္စများကိုသာ ဦးစားပေးရခြင်းမျိုးဖြစ်ပြီး ဝန်ကြီးချုပ်တစ်ဦး၏တာဝန်မှာမူအောက်ခြေရှိ ပြည်သူများနှင့် တိုက်ရိုက်သက်ဆိုင်ပြီး သက်ဆိုင်ရာပြည်နယ်စီရင်စု အသီးသီး၏ ပကတိအခြေအနေအပေါ် ခြုံငုံသုံးသပ် ဆုံးဖြတ်ရသည့် ဝတ္တရားမျိုးရှိနေသည်။
လက်ရှိအချိန်တွင်မူထိုထိုသောမေးခွန်းများနှင့်ပတ်သက်ပြီး ဆူဂါအနေဖြင့်ဖြေဆိုရန် အခက်အခဲများစွာရှိနိုင်သည်။သို့သော်မူဝါဒရေးရာ၊အုပ်ချုပ်ရေး စနစ်နှင့်ရည်မှန်းချက်များအပေါ် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန်သာ လိုအပ်သည်။ ဝန်ကြီးချုပ်ဆိုသည့် အာဏာနှင့်လုပ်ပိုင်ခွင့်ကို အကောင်းမွန်ဆုံးအသုံးချကာ စိန်ခေါ်မှုများကို တစ်ဆင့်ချင်း ရင်ဆိုင် ဖြေရှင်းသွားရန်သာ လိုအပ်သည်။ ပြည်သူများကလည်း ဆူဂါအနေဖြင့် ရှင်ဇိုအာဘေး၏ မပြီးပြတ်သေးသော ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များကို အကောင်းဆုံးနှင့် အနီးစပ်ဆုံး ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းမျှော်လင့်ချက်များ ရှိနေသည်။
ဆူဂါသည် လက်ရှိ အစိုးရဝန်ကြီးအဖွဲ့တွင် သြဇာကြီးမားသူဖြစ်သည်။ ထို့ကြောင့်လည်းထောက်ခံမဲအများစုဖြင့် ခေါင်းဆောင်ဖြစ်လာ ခဲ့ခြင်းဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုရလျှင် ဆူဂါသည် အစိုးရအဖွဲ့အတွင်း တောင့်တင်း ခိုင်မာသော အာဏာအုတ်မြစ်ကို အခြေခိုင်မာစွာချခဲ့ပြီးဖြစ်သည်။ ထို့ပြင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကိုလည်း များစွာပြောင်းလဲမည် မဟုတ်ဘဲ ရှင်ဇိုအာဘေးလက်ထက်က အတိုင်း နီးပါး ဆက်ထားမည်ဖြစ်ကြောင်း ဆူဂါကပြောဆိုခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အစိုးရအဖွဲ့တွင် ရာထူးအပြောင်းအလဲများစွာ မြင်ရဖွယ် မရှိချေ။ ဆူဂါသည် နိုင်ငံရေးအတွေ့အကြုံမြင့်မားသူတစ်ဦးဖြစ်သော်လည်း ၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်းကာလများတွင် အတိုက်အခံပါတီများနှင့် ထိတွေ့မှုအားနည်းခဲ့သည်။ ထို့ကြောင့် လွှတ်တော်အတွင်း အတိုက်အခံပါတီများမှ ကိုယ်စားလှယ်များ၏တုံ့ပြန်မှုများအပေါ် ကိုင်တွယ်ဖြေရှင်းရန်အတွက် လိုအပ်လာပြီဖြစ်သည်။ ယင်းသို့ ကိုင်တွယ်ဖြေရှင်းရာတွင် ဆူဂါအတွက် အစိုးရနှင့်လွှတ်တော်အကြားအပြန်အလှန် ထိန်းကျောင်းနိုင်မှုအပေါ် ချဉ်းကပ်ပုံက အဓိကကျမည်ဟု ယူဆမိ၏။
ဝန်ကြီးချုပ်တစ်ဦးအတွက် ပြည်သူများ၏ ပကတိမြေပြင်အခြေအနေအပေါ် လေ့လာနိုင်မှုသည် အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရေးအတွက် အဓိကကျသည့် အချက်တစ်ချက်ဖြစ်သည်။ ထိုကဲ့သို့ အရေးပါသောအကြောင်းအရာသည် ဝန်ကြီးချုပ်သစ် ဆူဂါအတွက်တော့ အထူးအလေးပေး ဆောင်ရွက်စရာမလိုပေ။
မိဘနှစ်ပါးက သာမန်ခြံစိုက်သည့် လယ်သမားမျိုးရိုးဖြစ်သည်။ ပြည်သူအများစုကလည်း ယခင်ကတည်းကပင် ဆူဂါအား ဒုတိယဝန်ကြီးချုပ်အဖြစ် လက်ခံထားကြသည်။ ဆူဂါသည် မူဝါဒလမ်းစဉ်များကို လက်ကိုင်ထားပြီး ဖြောင့်မတ်စွာဆောင်ရွက်တတ်သော ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သည့်အားလျော်စွာ ဂျပန်နိုင်ငံ၏ အင်အားကြီး စီးပွားရေးကုမ္ပဏီများနှင့် ရင်းနှီးသောထိတွေ့ဆက်ဆံမှုမျိုး မရှိပေ။
သို့သော် လက်ရှိရင်ဆိုင်နေရသော ကပ်ရောဂါကြောင့် ဂျပန်နိုင်ငံ၏ စီးပွားရေးကို ပြန်လည် ဦးမော့လာစေရန် ကြိုးစားရမည့် လမ်းကြောင်းတွင် အင်အားကြီး စီးပွားရေးကုမ္ပဏီကြီးများ၏ အခန်းကဏ္ဍက အရေးပါလာသည့်အတွက် လာမည့်အနာဂတ်တွင် ဆူဂါနှင့် ဂျပန်စီးပွားရေးကုမ္ပဏီများအကြား ဆက်ဆံရေးကို ခပ်စိပ်စိပ် မြင်တွေ့ရဖွယ်ရှိနေသည်။ ထို့ပြင်ဆူဂါသည် ရိုးရှင်းစွာ နေထိုင်သူဖြစ်သည့်အားလျော်စွာ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ထိတွေ့ဆက်ဆံမှုအားနည်းချက်လည်း ရှိနေသူဖြစ်သည်။
ထို့ကြောင့် အစိုးရအဖွဲ့အတွင်း နိုင်ငံခြားရေးရာမူဝါဒများကို ချမှတ်ရာတွင် လစ်ဟင်းချက်များဖြစ်ပေါ်လာနိုင်သည်ဟု သုံးသပ်သူတချို့ရှိနေသည်။ သို့သော် ရှင်ဇိုအာဘေး တည်ဆောက်ခဲ့သည့် နိုင်ငံတကာဆက်ဆံရေးလမ်းကြောင်းနှင့် မူဝါဒရေးရာအပေါ်တွင် အလိုက်သင့် လိုက်ပါစီးမျောရုံဖြင့် အလုပ်ဖြစ်နိုင်သည့် အခြေအနေကောင်းများက ဆူဂါဘက်တွင် ရှိနေသည်။
အာဘေး၏ အကြီးမားဆုံးအောင်မြင်မှုကိုပြပါဆိုလျှင် ဂျပန်၌ ကာလရှည်နိုင်ငံရေး တည်ငြိမ်မှုရှိခဲ့ခြင်းဖြစ်သည်။ အာဘေးဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၂ ခုနှစ်မတိုင်မီတွင် ဂျပန်နိုင်ငံ၌ နှစ်ပေါင်း ၃၀ အတွင်း ဝန်ကြီးချုပ် ၁၉ ဦး ပြောင်းခဲ့သည်။ ဝန်ကြီးချုပ်ရာထူးကို ဆုံလည်တံခါးဟုပင် ပြောဆိုခဲ့ကြသည်။ ဂျပန်၌ ပါတီတွင်း သွေးကွဲကာ ဂိုဏ်းအချင်းချင်း အာဏာလုရာမှ သက်တမ်းတိုသည့်အစိုးရများ ပေါ်လာနိုင်ကြောင်း တချို့က စိုးရိမ်ကြသည်။
ကာလရှည် တာဝန်ထမ်းဆောင်သည့် ဝန်ကြီးချုပ်ပြီးနောက် ကာလတိုသည့်ဝန်ကြီးချုပ်များပေါ်လာနိုင်ကြောင်း ဟာဝိုင်ယီတက္ကသိုလ်ရှိ ဂျပန်အရေးလေ့လာသူ ခရစ္စတီဂိုဗယ်လာက ပြောသည်။ ဝန်ကြီးချုပ်များ ၁၀ လခံ မည်၊ နှစ်နှစ်ခံမည်ကို မသိနိုင်။ ဝန်ကြီးချုပ် ဆူဂါသည် များစွာ သက်သေပြရဦးမည်ဖြစ်သည်။ သက်သေပြရန် အချိန်များစွာမရမည်ကိုသာ စိုးရိမ်ကြသည်။
(Who is YoshihideSuga,Japan's next prime minister? ကို ဆီလျော်အောင် ပြန်ဆိုသည်။)

















