၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ပြုလုပ်မည့် ကွန်ဂရက်၌ ငါးနှစ်စီမံကိန်းချမှတ်မည်ဖြစ်ပြီး ယင်းမတိုင်မီတွင် ရက် ၈၀ အတွင်း ကဏ္ဍအားလုံးရှိ လျာထားချက်များ ပြည့်မီအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကင်ဂျုံအန်က ပြောဆိုခဲ့သည်ဟု နိုင်ငံပိုင် သတင်းဌာန KCNA က အောက်တိုဘာ ၆ ရက်တွင် ဖော်ပြခဲ့သည်။
အောက်တိုဘာ ၅ ရက်တွင် ကျင်းပသော အာဏာရအလုပ်သမားပါတီ ပေါ်လစ်ဗြူရိုအစည်းအဝေး၌ ကင်က အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ယခုနှစ်အတွင်း မုန်တိုင်းတိုက်ခတ်မှုနှင့် ရေးကြီးရေလျှံမှုများကြောင့် စီးပွားရေးထိခိုက်ခဲ့ရပြီး ကူးစက်ရောဂါကြောင့် အခြေအနေပိုမိုဆိုးရွားနေချိန်တွင် အစည်းအဝေး ကျင်းပခဲ့ခြင်းဖြစ်သည်။
‘’ကျွန်တော်တို့ရဲ့ တတ်စွမ်းသမျှ ကြိုးစားအားထုတ်မှုနဲ့အတူ သမိုင်းဝင် စွမ်းဆောင်မှုတွေကို ကျွန်တော်တို့ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီနှစ်ရဲ့ အခက်အခဲတွေနဲ့ မကြုံစဖူး ဆင်းရဲဒုက္ခတွေကို ရဲရင့်စွာ ကျော်ဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအောင်မြင်မှုအပေါ်မှာတော့ ကျွန်တော်တို့ သာယာမနေသင့်ဘူး။ လျစ်လျူရှုလို့မရတဲ့ စိန်ခေါ်မှုတွေကို ကျွန်တော်တို့ ရင်ဆိုင်နေရဆဲဖြစ်ပြီး ဒီနှစ်မှာ ကျွန်တော်တို့ အရောက်သွားရမယ့် ပန်းတိုင်တွေရှိနေဆဲဖြစ်ပါတယ်’’ ဟု ကင်က ပြောဆိုခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။
အာဏာရပါတီအနေဖြင့် လာမည့် ဇန်နဝါရီတွင် ငါးနှစ်စီမံကိန်းသစ်အတွက် ညီလာခံတစ်ခု ကျင်းပမည်ဖြစ်ကြောင်း ကင်ဂျုံအန်က သြဂုတ်တွင် ပြောဆိုခဲ့ပြီးဖြစ်သည်။

















