ကာဂျစ္စတန်၌ အစိုးရနှင့် လုံခြုံရေးဌာနရုံးချုပ်များကို ဆန္ဒပြသူများ ဝင်ရောက်စီးနင်း

ကာဂျစ္စတန်၌ အစိုးရနှင့် လုံခြုံရေးဌာနရုံးချုပ်များကို ဆန္ဒပြသူများ ဝင်ရောက်စီးနင်း

လွှတ်တော်ရွေးကောက်ပွဲရလဒ်များကို မကျေနပ်သည့် ဆန္ဒပြသူများသည် အောက်တိုဘာ ၆ ရက် အစောပိုင်းတွင် အစိုးရနှင့် လုံခြုံရေးဌာနရုံးချုပ်များကို ဝင်ရောက်စီးနင်းပြီး ချုပ်နှောင်ခံထားရသည့် သမ္မတဟောင်းကို ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံမီဒီယာများကဖော်ပြခဲ့သည်။

နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများဖြစ်ပွားနေပြီး နောက်ထပ်ရွေးကောက်ပွဲတစ်ခုကျင်းပပေးရန် စဉ်းစားနေကြောင်း အာဏာပိုင်များကပြောဆိုခဲ့သည်။

သမ္မတ ဆိုရွန်ဘိုင် ဂျင်းဘဲကော့ဗ်နှင့် ပတ်သက်မှုရှိသော ပါတီကြီးနှစ်ခု အောက်တိုဘာ ၄ ရက် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိပြီးနောက် လူထောင်ပေါင်းများစွာပါဝင်သော ဆန္ဒပြမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြသူများက ရွေးကောက်ပွဲရလဒ်များကို ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ပြီး ဗဟိုရွေးကောက်ပွဲကော်မရှင်ကလည်း ဆန္ဒပြသူများ၏တောင်းဆိုချက်ကို စဉ်းစားပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဒေသခံသတင်းဆိုက် 24.kg က ဖော်ပြခဲ့သည်။

ရွေးကောက်ပွဲရလဒ်များကို ဖျက်သိမ်းပေးရန် သမ္မတက စဉ်းစားနေကြောင်း သမ္မတ ဂျင်းဘဲကော့ဗ်၏ပြောခွင့်ရှိသူ ပြောဆိုခဲ့သည်ဟု ရုရှားသတင်းဌာန RIA က ဖော်ပြခဲ့သည်။

အောက်တိုဘာ ၅ ရက်တွင် ရဲတပ်ဖွဲ့သည် ဆန္ဒပြသူများကို လူစုခွဲခဲ့သော်လည်း ယင်းနေ့ အနှောင်းပိုင်းတွင် မြို့တော် ဘီရှက်အလယ်ရှိ ရင်ပြင်၌ ဆန္ဒပြသူများစုဝေးခဲ့ကာ သမ္မတအိမ်တော်နှင့် လွှတ်တော်အဆောက်အအုံများအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။

အောက်တိုဘာ ၆ ရက် အစောပိုင်းတွင် ဆန္ဒပြသူများသည် နိုင်ငံတော်အမျိုးသားလုံခြုံရေးကော်မတီရုံးချုပ်အဆောက်အအုံတွင်းသို့ ဝင်ရောက်ပြီး အကျင့်ပျက်ခြစားမှုများဖြင့် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရသည့် သမ္မတဟောင်း အယ်လ်မက်ဇ်ဘက် အတမ်ဘာယက်ကို ပြန်လွှတ်ပေးခဲ့သည်။

အတိုက်အခံအုပ်စုများသည် မြို့တော်ဝန်ရုံးခန်းအပါအဝင် အဆောက်အအုံများစွာကို စီးနင်းသိမ်းပိုက်ပြီး ၎င်းတို့ဘက်တော်သားများကို အမျိုးသားလုံခြုံရေးဌာနအကြီးအကဲ၊ ဥပဒေအရာရှိများအဖြစ် ခန့်အပ်ခဲ့သည်။ ခရိုင်အုပ်ချုပ်ရေးမှူးများစွာလည်း ရာထူးမှနုတ်ထွက်ခဲ့ပြီးဖြစ်သည်။

လူဦးရေ ၆ ဒသမ ၅ သန်းရှိသော ဗဟိုအာရှနိုင်ငံ ကာဂျစ္စတန်သည် ရုရှား၏မဟာမိတ်ဖြစ်ပြီး နိုင်ငံရေးအရ မတည်ငြိမ်သည့် သမိုင်းကြောင်းရှိခဲ့သည်။