ဝန်ကြီးတစ်ဦး COVID-19 ကူးစက်ခံထားရသည့်အတွက် မလေးရှားဝန်ကြီးချုပ် နေအိမ်၌ ၁၄ ရက် သီးခြားနေထိုင်ရမည်

ဝန်ကြီးတစ်ဦး COVID-19 ကူးစက်ခံထားရသည့်အတွက် မလေးရှားဝန်ကြီးချုပ် နေအိမ်၌ ၁၄ ရက် သီးခြားနေထိုင်ရမည်

မလေးရှားဝန်ကြီးချုပ် မူယစ်ဒင် ယက်ဆင်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး ကျင်းပသည့် အစည်းအဝေးတစ်ခုကို တက်ရောက်ခဲ့သော ဝန်ကြီးတစ်ဦး COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ဝန်ကြီးချုပ်သည် နေအိမ်၌ပင် ၁၄ ရက် သီးခြားနေထိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးက အောက်တိုဘာ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၃ ရက်တွင် ပြုလုပ်ခဲ့သည့် အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေး တက်ရောက်ခဲ့သည့် ဘာသာရေးဝန်ကြီး ဇူဖီကလီ မိုဟာမက် အယ်လ်-ဘာကရီသည် COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဝန်ကြီး ဇူဖီကလီသည် ယခုအချိန်တွင် ဆီရမ်ဘန်ရှိ ဆေးရုံတစ်ရုံ၌ ကုသမှုခံယူနေသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ညွှန်ကြားချက်အရ နေအိမ်၌ ၁၄ ရက်သီးခြားနေထိုင်မည်ဖြစ်ပြီး နေအိမ်မှတစ်ဆင့် အစည်းအဝေးများကို ဗီဒီယိုလင့်ခ်ဖြင့်ပြုလုပ်ကာ ညွှန်ကြားသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မူယစ်ဒင်ကပြောဆိုခဲ့သည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနသည် အစည်းအဝေးတက်ရောက်ခဲ့သူအားလုံးကို COVID-19 ရှိမရှိ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဝန်ကြီးချုပ်ကပြောဆိုခဲ့သည်။

ဧပြီမှစ၍ နှစ်ပတ်လျှင် တစ်ကြိမ် COVID-19 ရှိမရှိစစ်ဆေးမှုကိုခံယူပြီး ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းမရှိကြောင်း ရလဒ်ထွက်ခဲ့သည်ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောဆိုခဲ့သည်။

ဘာသာရေးဝန်ကြီး ဇူဖီကလီသည် အစည်းအဝေးတက်ရောက်ချိန်တွင် ရောဂါလက္ခဏာများပြသခြင်းမရှိခဲ့ကြောင်း၊ယခုအချိန်တွင် ၎င်းကို ဆေးရုံ၌ သီးခြားထားရှိကာ ကုသမှုများပြုလုပ်ပေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နူးဟီရှမ် အဗ္ဗဒူလာကပြောဆိုခဲ့သည်။

မလေးရှား၌ အောက်တိုဘာ ၅ ရက်တွင် COVID-19 ကူးစက်သူသစ် ၄၃၂ ဦးဖြင့် စံချိန်တင်ရှိခဲ့သည်။ မလေးရှား၌ COVID-19 ကူးစက်သူ ၁၂၈၁၃ ဦးရှိနေပြီဖြစ်သည်။