အသရေဖျက်မှုဖြင့် ဘလော့ဂါတစ်ဦးကို စင်ကာပူဝန်ကြီးချုပ် တရားစွဲဆို

အသရေဖျက်မှုဖြင့် ဘလော့ဂါတစ်ဦးကို စင်ကာပူဝန်ကြီးချုပ် တရားစွဲဆို

မလေးရှားရှိ 1MBD နိုင်ငံပိုင်ရန်ပုံငွေအလွဲသုံးစားမှုနှင့် စင်ကာပူဝန်ကြီးချုပ်တို့ကြား ဆက်စပ်မှုရှိနေကြောင်း ဖော်ပြထားသည့် ဆောင်းပါးတစ်စောင်ကို ဖေ့စ်ဘွတ်ခ်တွင် ဝေမျှခဲ့သည့် ဘလော့ဂါတစ်ဦးကို စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက တရားစွဲဆိုထားပြီး ယင်းအမှုအတွက် လီရှန်လွန်းသည် အောက်တိုဘာ ၆ ရက်တွင် တရားရုံးသို့လာရောက်ခဲ့သည်။

ကမ္ဘာပေါ်တွင် လစာအကောင်းဆုံးခေါင်းဆောင်တစ်ဦးဖြစ်သလို အကျင့်ပျက်ခြစားမှုကို လုံးဝသည်းခံမည်မဟုတ်ကြောင်း ကြွေးကြော်ထားသည့် စင်ကာပူအစိုးရအဖွဲ့၏ခေါင်းဆောင်လည်းဖြစ်သည့် လီရှန်လွန်းသည် ၎င်း၏ဂုဏ်သိက္ခာထိပါးခံရပါက တရားရုံးမှတစ်ဆင့် တရားစွဲဆိုမှုများကို ယခင်ကလည်း ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ဘဏ္ဍာရေးအကြံပေးဖြစ်သလို ဘလော့ဂါတစ်ဦးလည်းဖြစ်သည့် လွန်းဇီဟန်သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် မလေးရှားသတင်းဆိုက် The Coverage မှ ဆောင်းပါးတစ်စောင်ကို ဖေ့စ်ဘွတ်ခ်တွင် ပြန်လည်ဝေမျှခဲ့သည်။ ဆောင်းပါးတွင်ဖော်ပြထားသည့် အချက်များသည် မှားယွင်းနေသလို အခြေအမြစ်လည်းမရှိကြောင်း၊ ၎င်း၏အမှုသည်ကို နာမည်ဖျက်ရန် ရည်ရွယ်ချက်ဖြင့် ရေးသားထားခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်လီ၏ရှေ့နေက ပြောဆိုခဲ့သည်။

ဘလော့ဂါလွန်းသည် ဖေ့စ်ဘွတ်ခ်ပို့စ်ကို ဖျက်ပစ်ခဲ့ပြီးဖြစ်သည်။

မှတ်ချက်တစ်စုံတရာရေးသားခြင်းမရှိဘဲ ဆောင်းပါးကို ဝေမျှခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးချုပ်ကို နာမည်ဖျက်ရန် ရည်ရွယ်ချက်မရှိခဲ့ကြောင်း လွန်းက ပြောဆိုခဲ့သည်။ ယခုအပတ်အကုန်ပိုင်းအထိ ရုံးတင်စစ်ဆေးမည်ဖြစ်ပြီး လီနှင့် လွန်းတို့သည် ရုံးတော်၌ စစ်ကြောမေးမြန်းခံရမည်ဖြစ်သည်။

လီ၏ဖခင်ဖြစ်သလို ခေတ်သစ်စင်ကာပူနိုင်ငံကိုတည်ထောင်သူလည်းဖြစ်သည့် ကွယ်လွန်သူ လီကွမ်းယူအပါအဝင် အာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီမှ ခေါင်းဆောင်များသည် နိုင်ငံခြားမီဒီယာများ၊ နိုင်ငံရေးအတိုက်အခံများနှင့် အွန်လိုင်းဆောင်းပါးရှင်များကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ပြီးဖြစ်သည်။

စင်ကာပူအစိုးရသည် ဒေသခံမီဒီယာများအပေါ် တင်းကျပ်စွာ ထိန်းချုပ်ထားပြီး ယမန်နှစ်တွင် သတင်းမှား တိုက်ဖျက်ရေးဥပဒေကို အတည်ပြုခဲ့သည်။ ဥပဒေနှင့်အညီ ဝေဖန်မှုကို လက်ခံပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ထားခြင်းမရှိကြောင်း အစိုးရက ရှင်းလင်းပြောဆိုခဲ့သည်။