နမ္မတူမြို့နှင့် လားရှိုးသွားကားလမ်းမ ဓာတ်ငွေပိုက်လိုင်းအနီး အသက် (၁၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး မီးရှို့အသတ်ခံရမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်းအောက်တို ဘာ ၆ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
အောက်တိုဘာ ၁ ရက်နံနက်၅နာရီအချိန်ခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊နမ္မတူမြို့နယ်၊ ပန်သပြေကျေးရွာ၏တစ်မိုင်ခန့်အကွာ၊နမ္မတူမြို့မှလားရှိုးမြို့ဘက်အသွား(၇)မိုင်ခန့်အကွာဓာတ်ငွေ့ပိုက်လိုင်းအနီးတောင်စောင်းအစပ်တွင်အမည်မသိအမျိုးသမီးတစ်ဦးမီးရှို့သတ်ခံရမှုနှင့်ပတ်သက်၍ နမ္မတူမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ စခန်းမှုးဒုရဲမှုး မြင့်ဇော်နိုင် နှင့်တပ်ဖွဲ့ဝင်များကစုံစမ်းခဲ့သည်။
သေဆုံးသူမှာ နမ္မတူမြို့နယ် ကြူဆော့ကျေးရွာအုပ်စု ပန်းကွဲကျေးရွာနေ အသက် (၁၅) နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်း အောက်တိုဘာ ၃ ရက်နေ့တွင် မိခင်ဖြစ်သူက အတည်ပြုနိုင်ခဲ့သည်။
မိခင်ဖြစ်သူကိုမေးမြန်းချက်အရ စက်တင်ဘာ ၃၀ ရက်နေ့ ည ၈ နာရီအချိန်တွင် သမီးဖြစ်သူနေ အိမ်တွင် ရှိနေစဉ် နားဆိုင်းကျေးရွာနေ စိုးမင်းပိုင်(၂၁)နှစ်၊ ကလာရောက်ခေါ် ဆောင်သဖြင့် အပြင် ခဏ သွားဦးမည်ဟုပြောဆိုကာစိုးမင်းပိုင်နှင့်လိုက်သွားခဲ့ရာက ပျောက်ဆုံးနေခြင်းဖြစ် ကြောင်း ပြောပြသိရသည်။
ရဲတပ်ဖွဲ့က စိုးမင်းပိုင်ကို အောက်တိုဘာ ၅ ရက်နေ့ နံနက်ပိုင်းတွင် နားဆိုင်းကျေးရွာ၌ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ရာ သေဆုံးသူနှင့်၎င်းမှာ သမီးရည်းစားများ ဖြစ်ပြီး အခင်းမဖြစ်ခင်က ၎င်း၏နေ အိမ်တွင်သွားရောက်ခေါ်ဆောင်ကြောင်း၊ ပန်သပြေကျေးရွာ အနီး စကားပြောစဉ် သေဆုံးသူက ခိုးပြေးရန်ပြောဆိုရာ ဝါတွင်းကာလဖြစ်ခြင်းကြောင့်မယူနိုင်သေးကြောင်းပြောဆိုခဲ့သည်။ သေဆုံးသူက သူမကို မယူရင် သူမ၏အစ်ကိုဖြစ်သူနှင့်တိုင်ပြောမည်ဟု ပြောဆိုသဖြင့် ကြောက်လန့်ကာ ဆိုင်ကယ်တွင် ပါသည့် ဟင်ဂလန်သံချောင်းဖြင့် ဦးခေါင်းကို ၂ ချက်ရိုက်ခဲ့ရာ လဲကျသွားခဲ့ကြောင်း၊ တောစပ်အနီးတွေ့ရှိသည့် စောင်ဖြင့် ဦးခေါင်းကိုဖုံးကာ ၃ ချက်ခန့် ထပ်ရိုက်ခဲ့ပြီး မီးခြစ်ဖြင့် စောင်ကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူ စိုးမင်းပိုင်ကို ဖမ်းဆီးပြီးဆက်လက်အရေးယူဆောင်ရွက်ထားသည်။

















