အာဂျင်တီးနားနိုင်ငံ၌ COVID-19 ရှိမရှိ ကျယ်ကျယ်ပြန့်ပြန့် မစစ်ဆေးခြင်း၊ ကူးသန်းသွားလာမှုကန့်သတ်စည်းမျဉ်းများကို လိုက်နာလာရေး ဖိအားပေးမှုနည်းပါးခြင်းတို့ကြောင့် COVID-19 ကူးစက်သူဦးရေသည် မကြာမီတွင် အများဆုံးဖြစ်လာနိုင်ကြောင်း အောက်စ်ဖို့ဒ်တက္ကသိုလ်နှင့် ပတ်သက်မှုရှိသော ခြေရာခံအဖွဲ့ Our World in Data ၏စာရင်းများအရသိရသည်။
အာဂျင်တီးနား၌ အောက်တိုဘာ ၅ ရက်အထိ COVID-19 ကူးစက်သူ ၈၀၉၇၂၈ ဦးရှိနေပြီဖြစ်ပြီး လွန်ခဲ့သော ခုနစ်ရက်အတွင်း တစ်ရက်လျှင် ကူးစက်သူသစ် ၁၂၅၀၀ ရှိခဲ့သည်။
လွန်ခဲ့သောအပတ်အထိ COVID-19 ဖြင့်သေဆုံးသူ ၂၀၀၀၀ ကျော်ရှိနေပြီဖြစ်သည်။
ကျယ်ကျယ်ပြန့်ပြန့်မစစ်ဆေးခြင်းနှင့် ကူးသန်းသွားလာမှုကန့်သတ်ချက်များကို တင်းကျပ်စွာ မချမှတ်ခြင်းတို့ကြောင့် ကူးစက်သူဦးရေမြင့်တက်လာခြင်းကြောင်း ကျန်းမာရေးပညာရှင်များက ထောက်ပြခဲ့သည်။
ကူးစက်သူများကို သီးခြားထားရှိမှုမရှိသလို ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးမှုလည်းမရှိကြောင်း ဗြူနိုအေးရီးစ်(ဗွာနိုဇာရက်) ရှိအထူးကုဆရာဝန် ကာလို့စ် ကမ်ဘိုရီယံကပြောဆိုခဲ့သည်။
အာဂျင်တီးနား စုစုပေါင်းလူဦးရေ ၄၅ သန်း၏ထက်ဝက်ခန့်သာရှိသော နယူးယောက်ပြည်နယ်၌ တစ်ရက်လျှင် COVID-19 ရှိမရှိစစ်ဆေးမှု ၁၀၀၀၀၀ ကို ပြုလုပ်နေပြီး ယင်းသည် အာဂျင်တီးနားရှိ စစ်ဆေးမှုထက် လေးဆရှိနေသည်။ နယူးယောက်ပြည်နယ်၌ စစ်ဆေးမှုများအတွင်း ပိုးတွေ့သူ တစ်ရာခိုင်နှုန်းကျော်သာရှိနေသည်။
ကူးစက်သူများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို COVID-19 ရှိမရှိစစ်ဆေးမှုကြောင့် ကူးစက်သူဦးရေများနေခြင်းဖြစ်ကြောင်း အာဂျင်တီးနားကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အာဂျင်တီးနားသည် ကမ္ဘာပေါ်တွင် အဋ္ဌမမြောက် ကူးစက်သူအများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိတွင် ခုနစ်ရက်ဆက်တိုက် ကူးစက်သူနှင့် သေဆုံးသူအများဆုံး နိုင်ငံငါးနိုင်ငံတွင် ပါဝင်နေသည်။

















