ကမ္ဘာတစ်ဝန်း လူ ၁၀ ဦးလျှင် တစ်ဦး COVID-19 ကူးစက်ခံရပြီးဖြစ်နိုင်ကြောင်း WHO ခန့်မှန်း

ကမ္ဘာတစ်ဝန်း လူ ၁၀ ဦးလျှင် တစ်ဦး COVID-19 ကူးစက်ခံရပြီးဖြစ်နိုင်ကြောင်း WHO ခန့်မှန်း

ကမ္ဘာတစ်ဝန်း လူ ၁၀ ဦးလျှင် တစ်ဦး COVID-19 ကူးစက်ခံရပြီးဖြစ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ အရေးပေါ်အခြေအနေဆိုင်ရာဌာန၏အကြီးအကဲ မိုက်ခ် ရိုင်ယန်က အဖွဲ့၏အမှုဆောင်ဘုတ်အဖွဲ့သို့ အောက်တိုဘာ ၆ ရက်တွင် ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံသည် COVID-19 ကူးစက်မှုနှင့်ပတ်သက်၍ အချိန်မီသတင်းမပေးနိုင်ခဲ့မှုကြောင့် ကူးစက်ရောဂါအခြေအနေစိုးရွားခဲ့ရခြင်းဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုက ဝေဖန်ပြောဆိုခဲ့သည်။

သို့သော် တရုတ်နိုင်ငံသည် နိုင်ငံတကာတာဝန်ဝတ္တရားများကို ပွင့်လင်းမြင်သာမှုရှိရှိ၊ တာဝန်ယူမှုရှိရှိဖြင့် ထမ်းဆောင်ခဲ့ပြီးဖြစ်ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်မှ ကျန်းယန်က ဖြေရှင်းပြောဆိုခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံတချို့တွင် COVID-19 ကူးစက်သူဦးရေ မြင့်တက်နေပြီး ဥရောပရှိ နေရာတချို့နှင့် မြေထဲပင်လယ်အရှေ့ပိုင်းတို့၌ ကူးစက်သူနှင့် သေဆုံးသူဦးရေမြင့်တက်နေကြောင်း ရိုင်ယန်ကပြောဆိုခဲ့သည်။

ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသည် ဗိုင်းရပ်စ်ကူးစက်ခံထားရပြီးဖြစ်သည်ဟု ခန့်မှန်းနိုင်ကြောင်း၊ နိုင်ငံအလိုက်၊ မြို့ပြအလိုက် ကွဲပြားမှုများရှိနိုင်သော်လည်း ခန့်မှန်းချက်ကိုကြည့်ခြင်းဖြင့် ကမ္ဘာ့နေရာအများစု၌ ဗိုင်းရပ်စ်အန္တရာယ်ရှိနေသည်ဟု ပြောနိုင်ပါကြောင်း ရိုင်ယန်က ဆက်လက်ပြောဆိုခဲ့သည်။

ကမ္ဘာကြီးသည် ခက်ခဲသည့် ကာလသို့ ဦးတည်နေပြီး ကူးစက်ရောဂါသည် ဆက်လက်ပျံ့နှံ့နေဆဲဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ရှိ ရေထွက်ပစ္စည်းစျေးမှ စတင်ခဲ့သည်ဟု ဆိုနိုင်သည့် ဗိုင်းရပ်စ်သည် တိရစ္ဆာန်များတွင် မြစ်ဖျားခံကြောင်း WHO နှင့် အခြားကျွမ်းကျင်သူများကပြောဆိုခဲ့ပြီးဖြစ်သည်။

တရုတ်နိုင်ငံရှိ ဗိုင်းရပ်စ်အရင်းအမြစ်ကို စုံစမ်းစစ်ဆေးရန်အတွက် WHO သည် တရုတ်သို့ နိုင်ငံတကာကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း ရိုင်ယန်က ပြောဆိုခဲ့သည်။ WHO အဖွဲ့ဝင် ၁၉၄ နိုင်ငံသည် ရောဂါဖြစ်ပွားမှုများနှင့်ပတ်သက်၍ အချိန်မီနှင့် အချိန်မှန်သတင်းရရှိရန် အရေးကြီးကြောင်း အမေရိကန်လက်ထောက်ကျန်းမာရေးဝန်ကြီး ဘရတ် ဂီရော့ကပြောဆိုခဲ့သည်။

ကျွမ်းကျင်ပညာရှင်အဖွဲ့ကို မကြာမီတွင် စေလွှတ်သင့်ကြောင်း ဂျာမနီက ဥရောပသမဂ္ဂကိုယ်စားပြောဆိုခဲ့သည်။ အမြန်ဆုံးစုံစမ်းစစ်ဆေးရန် သြစတြေးလျကလည်း တိုက်တွန်းထားသည်။