မင်းဘူးမြို့ရှိ အဝေးပြေးကားကြီးဝင်းအတွင်း ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၅ဝ ခန့်အား COVID-19 စစ်ဆေးမှုများပြုလုပ်ခဲ့ရာ သုံးဦးတွင်ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံက ပြောသည်။
''ဒီနေ့ညနေပိုင်းမှာ ကားကွင်းထဲက ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်၅ဝ ကို COVID-19 ရောဂါပိုးစစ်ဆေးဆောင်ရွက်ခဲ့ရာ သုံးဦးမှာ Positive တွေ့ရှိခဲ့ပါတယ်။ မင်းဘူးမြို့ပေါ်က အမှတ်(၃)ရပ်ကွက်မှ တစ်ဦး၊ မင်းဘူးမြို့နယ် ကျောက်တန်းကျေးရွာက တစ်ဦးနဲ့ ပွင့်ဖြူမြို့နယ်က တစ်ဦးတို့ဖြစ်ပါတယ်။ ပိုးတွေ့လူနာသုံးဦးစလုံးကို မင်းဘူးမြို့ရှိဆေးရုံကြီးကို ပို့ဆောင်ပြီးပါပြီ''ဟု အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံက ပြောသည်။
မင်းဘူးမြို့နယ်ရှိ အတည်ပြုလူနာနှစ်ဦး၏ မိသားစုဝင်များကို မြို့နယ်အတွင်းရှိ အထက(၂) ကျောင်းရှိ Quarantine ထားရှိထားကြောင်း သိရသည်။
''ယနေ့ညပိုင်းမှာ ကားကွင်းထဲက ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို COVID-19 ရောဂါပိုးစစ်ဆေးခဲ့တာမှာ သုံးဦးပိုးတွေ့ရှိခဲ့တာ မှန်ပါတယ်။ယခင်က ပိုးတွေ့လူနာနှစ်ဦးနဲ့ဆို၊ ပိုးတွေ့လူနာ ငါးဦးထိရှိပါပြီ။ ပိုးတွေ့လူနာတွေကို သီးသန့်အခန်းတွေနဲ့ထားရှိပြီး ကုသပေးသွားမှာဖြစ်ပါတယ်'' ဟု မင်းဘူးခရိုင် ခုတင်၂ဝဝ ဆံ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြောသည်။
မင်းဘူးမြို့နယ်အတွင်း အောက်တိုဘာ ၄ ရက်က လက်ပံတောကျေးရွာမှရန်ကုန်ပြန်အမျိုးသမီး နှစ်ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး၊ ၎င်းတို့ကိုမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင်ထားရှိကာ ကုသပေးနေကြောင်း သိရသည်။
















