ပဲခူးမြို့တွင် လက်နက်ခဲယမ်း၊ စိတ်ကြွဆေးပြားများနှင့်အတူ လူ ၃ ဦးကို ဖမ်းဆီးအ ရေးယူထားကြောင်း အောက်တိုဘာလ ၇ ရက်နေ့ တွင် မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။
အောက်တိုဘာလ ၅ ရက်နေ့ ညပိုင်းတွင် ပဲခူးမြို့နယ် ဘောနတ်ကြီးကျေး ရွာအထွက်ဘုရားကြီး-ဇောင်းတူကား လမ်းပေါ်တွင် စိုးမိုး မောင်းနှင်ပြီး မဇာခြည်ထိုက်နှင့် အောင်အောင်ဖြိုး တို့ လိုက်ပါလာသည့် Mark II ယာဉ်ကိုရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့သည်။
အဆိုပါယာဉ်၏ တူးဘောက်စ်အတွင်းမှ ဩစတြေးလျနိုင်ငံထုတ် Glock 17 အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ကျည် ၅၀ တောင့်၊ ကျည်အိမ် ၂ ခု၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၈ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြားအကြေမှုန့် ဝ.၀၀၄ ကီလိုနှင့် ငွေ ၁၁၁,၆၀၀ ကျပ်တို့အား သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးချက်အရ သေနတ်နှင့်ကျည်ဆံများကို သီပေါမြို့နေ စိစစ်ဆဲ ရှမ်းအမျိုးသားတစ်ဦး ထံမှ လည်းကောင်း၊ မူးယစ်ဆေးဝါးများကို မရမ်းကုန်းမြို့နေ စိစစ်ဆဲ အမျိုးသား တစ်ဦးထံမှ လည်းကောင်း ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
၎င်းတို့ ၃ ဦးကို လက်နက်ဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေတို့ဖြင့် အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး အတွက်ဆက်လက်စုံစမ်းလျက်ရှိသည်။

















