တရုတ်ဆေးသိပ္ပံအကယ်ဒမီလက်အောက်ရှိ ဆေးဇီဝဗေဒအင်စတီကျုက ထုတ်လုပ်ထားသည့် COVID-19 စမ်းသပ်ကာကွယ်ဆေးတစ်မျိုးသည် စမ်းသပ်မှုအစောပိုင်းအဆင့်တွင် အန္တရာယ်ကင်းပုံရကြောင်း သုတေသနပညာရှင်များကပြောဆိုခဲ့သည်။
အသက် ၁၈ မှ ၅၉ နှစ်ကြား ကျန်းမာသော အစမ်းသပ်ခံ ၁၉၁ ဦးတို့အား ကာကွယ်ဆေး အဆင့်(၁) စမ်းသပ်မှုများပြုလုပ်ခဲ့ရာ ကြီးမားပြီး ဆိုးရွားသော တုံ့ပြန်မှုများမရှိခဲ့ကြောင်း သုတေသနပညာရှင်များက အောက်တိုဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အစမ်းသပ်ခံများတွင် တွေ့ရသည့် လက္ခဏာများမှာ အနည်းငယ်နာကျင်ကိုက်ခဲခြင်း၊ အနည်းငယ်အားနည်းခြင်း၊ ဆေးထိုးထားသည့် နေရာတွင် အနီရောင်သန်းနေခြင်း၊ ယားယံခြင်းနှင့် ယောင်ယမ်းခြင်းတို့ဖြစ်ကြောင်း ပညာရှင်များ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစမ်းသပ်ခံများ၏ ခန္ဓာကိုယ်သည် ဗိုင်းရပ်စ်ကို ခုခံအားထုတ်ပေးနေကြောင်းလည်း တွေ့ရှိခဲ့သည်။
ဗိုင်းရပ်စ်အသေမှတစ်ဆင့် ထုတ်လုပ်ထားသည့် အဆိုပါကာကွယ်ဆေးသည် အန္တရာယ်ကင်းပြီး ခုခံအားစနစ်ကို မြှင့်တင်ပေးသည့် ကနဦးရလဒ်များအရသိရှိရပြီး နောက်ထပ်လေ့လာမှုများပြုလုပ်ရန်အတွက် အားတက်စရာရှိခဲ့ကြောင်း ပညာရှင်များက ပြောဆိုခဲ့သည်။
တရုတ်ရှိ COVID-19 စမ်းသပ်ကာကွယ်ဆေးများသည် အဆင့်(၃) ရလဒ်မထွက်သေးသော်လည်း တရုတ်ကာကွယ်ဆေးကုမ္ပဏီများသည် ကျန်းမာရေးဝန်ထမ်းများကဲ့သို့ အရေးကြီးဝန်ထမ်းထောင်ပေါင်းများစွာနှင့် ကူးစက်ခံရပါက သေဆုံးနိုင်ခြေများသူကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်သည်။
တရုတ်၌ အဆင့်(၃) ရောက်ရှိနေသည့် စမ်းသပ်ကာကွယ်ဆေးလေးမျိုးရှိနေသည်။

















