သီရိလင်္ကာ၌ COVID-19 အစုလိုက်အပြုံကူးစက်မှုရှိခဲ့ပြီးနောက် လူစုလူဝေးပြုမှုပိတ်ပင်

သီရိလင်္ကာ၌ COVID-19 အစုလိုက်အပြုံကူးစက်မှုရှိခဲ့ပြီးနောက် လူစုလူဝေးပြုမှုပိတ်ပင်

သီရိလင်္ကာနိုင်ငံ၌ မကြာသေးမီရက်များအတွင်း COVID-19 ကူးစက်သူသစ်အစုလိုက်အပြုံလိုက်ရှိခဲ့ပြီးနောက် အာဏာပိုင်များသည် လူစုလူဝေးပြုမှုအားလုံးကို ပိတ်ပင်လိုက်ပြီဖြစ်သည်။

အထည်ချုပ်စက်ရုံတစ်ရုံ၌ COVID-19 ကူးစက်သူ ၈၃၀ အထိရှိလာခဲ့ပြီး လူ ၁၀၀၀ ကျော်ကိုလည်း ၎င်းတို့နေအိမ်များမှာပင် သီးခြားနေထိုင်ရန် ညွှန်ကြားထားရကြောင်း ကျန်းမာရေးအာဏာပိုင်များက အောက်တိုဘာ ၇ ရက်တွင် ပြောဆိုခဲ့သည်။

ကူးစက်သူသစ်အများစုသည် အထည်ချုပ်စက်ရုံဝန်ထမ်းများဖြစ်ကြသည်။

ကိုလံဘိုရှိ လူနာအများစုနေထိုင်နေသည့် ရပ်ကွက်နှစ်ခုတွင် အသွားအလာကန့်သတ်ထားပြီး ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီးဖြစ်သည်။

အစိုးရသည် တက္ကသိုလ်နှင့်စာသင်ကျောင်းများကို ပိတ်သိမ်းထားပြီး အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်တွင် ကန့်သတ်ချက်များ ချမှတ်ထားသည်။

သီရိလင်္ကာ၌ နှစ်လအတွင်း ပထမဆုံးအကြိမ်ပြည်တွင်းကူးစက်မှုရှိခဲ့ကြောင်း ထုတ်ပြန်ပြီး တစ်ရက်အကြာတွင် အထည်ချုပ်စက်ရုံ၌ အစုလိုက်အပြံုလိုက်ကူးစက်မှုရှိနေကြောင်း သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

သီရိလင်္ကာ၌ COVID-19 ကူးစက်သူ ၃၇၃၃ ဦးနှင့် သေဆုံးသူ ၁၃ ဦးရှိနေသည်။ လူနာ ၃၂၆၆ ဦး ပြန်လည်ကျန်းမာလာသောကြောင့် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီဖြစ်သည်။