မြစ်ကြီးနားမြို့နယ်တွင် မူးယစ်ဆေး ဝါးများ ဆိုင်ကယ်ဖြင့်သယ်ဆောင် လာသူ ကိုစစ်ဆေးရာက ကွင်းဆက်ပါဝင်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာ ၇ ရက်နေ့တွင် မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။
အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင်(၂၁)မိုင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မော်တော်ယာဉ်များကို မူးယစ် ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးနေစဉ် မြစ်ကြီးနားမြို့ ဘက်မှ နမ္မတီးမြို့ဘက်သို့ ဖားကန့်မြို့နယ်၊ ရပ်ကွက်(၃)နေ လထွဲ (၂၂) နှစ် စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်စစ်ဆေးခဲ့သည်။ ဆိုင်ကယ်တွင်တင်ဆောင်လာသည့် ဂျပ်စက္ကူပုံးအတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၇၇၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၃၉ သိန်း)၊ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၈၀၀ ပြား(ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ် ၃၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါမူးယစ်ဆေးဝါးများကို ရောင်းချသူများမှာ မိုးကောင်းမြို့နယ်၊ နောင်ကိုင်တော်ရပ်ကွက်နေ ကျော်ကျော်စိုး (၄၆) နှစ် နှင့် မဂျာအောင် (၃၅) နှစ်တို့ဖြစ်ကြောင်းသိရပြီး ၎င်းတို့ကို နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် ဆီဆိုင် နှင့် မရမ်းတောင်ဂိတ်ကြားတွင် TOYOTA HIACE အမျိုးအစားမော်တော်ယာဉ် ၊ လက်ကိုင် ဖုန်း ၂ တို့နှင့်အတူဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများကို ကွင်းဆက်များဖော်ထုတ်ချက် အရ ပူးပေါင်းအဖွဲ့သည် ညနေ ၄ နာရီခွဲ အချိန်တွင် မူးယစ်ဆေးဝါးများရောင်းချသူ မြစ်ကြီးနား မြို့၊ နယ်မြေ(၆)၊ ရမ်ပူရပ်ကွက်နေ ဒေါ်အေးပိန်(ခ) မရှမ်းမ (၄၃) နှစ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့သည်။
၎င်းနေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ၈၀၀၀ ကျပ်)၊ မြန်မာငွေကျပ် ၃ သိန်း၊ လက်ကိုင်ဖုန်း ၁ လုံး၊ မော်တော်ယာဉ် ၁ စီးတို့နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သောကြောင့်အရေးယူပေးရန်တိုင်ကြားခဲ့သည်။
၎င်းတို့ကိုမြစ်ကြီးနားနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်းသိရသည်။

















