ပရီးမီးယားလိဂ်အသင်းများသည် နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ကစားသမားခေါ်ယူမှု စုစုပေါင်း ၁၀၇ ခု(အငှားစာချုပ်မပါ) ပြုလုပ်ခဲ့ပြီး ယင်းအတွက် အသုံးစရိတ်မှာ ပေါင် ၁ ဒသမ ၂၄ ဘီလီယံရှိကြောင်း စကိုင်းစပို့တ်ကဖော်ပြခဲ့သည်။ ၂၀၁၉ ခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလ၌ ပရီးမီးယားလိဂ်အသင့်းများသည် ကစားသမားခေါ်ယူမှုအတွက်ပေါင် ၁ ဒသမ ၄၀ ဘီလီယံထိ အသုံးပြုခဲ့ရာ ယခုနွေ ငွေကြေးသုံးစွဲမှာ ၂၀၁၉ ကထက် ပေါင်သန်း ၁၆၀ လျော့နည်း ခဲ့သည်။
ယခုနှစ်ပြိုင်ပွဲဝင်ပရီးမီးယားလိဂ်အသင်းများအနက် ချယ်လ်ဆီးမှာ ကစားသမားသစ်ခေါ်ယူရန်အတွက် စုစုပေါင်း ပေါင် ၂၂၆ ဒသမ ၁ သန်းဖြင့်အများဆုံး အသုံးပြုခဲ့ပြီး အစဉ်လိုက်အနေဖြင့် မန်စီးတီး( ၁၄၇ ဒသမ ဝသန်း)၊ ဗီလာ(၈၅ ဒသမ ၀ သန်း)၊ လိဒ်ယူနိုက်တက်( ၈၄ ဒသမ ၅ သန်း)၊ ဝုလ်ဗာဟမ်တန် (၈၃ ဒသမ ၆ သန်း)၊ လီဗာပူး ( ၈၁ ဒသမ ၇သန်း)၊ အာဆင်နယ်( ၈၁ ဒသမ ၅ သန်း)၊ အဲဗာတန်( ၆၅ ဒသမ ၅ သန်း)၊ စပါး(၆၂ ဒသမ ၂သန်း)၊ မန်ယူ( ၅၄ ဒသမ ၅သန်း)၊ ရှက်ဖီးလ်ယူနိုက်တက်( ၅၃ ဒသမ ၃ သန်း)တို့ ရပ်တည်ခဲ့သည်။
ချယ်လ်ဆီးသည် ကစားသမားသစ်များအဖြစ် ဟာဗက်ဇ် ချီဝဲလ်နှင့် တီမိုဝါနာတို့ကို ပြောင်းရွှေ့ကြေးမြင့်မားစွာဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး အသုံးပြုခဲ့သည့် ငွေကြေးပမာဏမှာ ဘန်လေ ဘရိုက်တန် ဝက်စ်ဟမ်း ပဲလေ့စ် ဖူလ်ဟမ် ဝက်စ်ဘရွန်း ဆောက်သမ်တန် နယူးကာဆယ်နှင့် လက်စတာတို့အားလုံးပေါင်းအသုံးပြုသည့်နှုန်းထက် ပိုများခဲ့သည်။ အပြောင်းအရွှေ့နောက်ဆုံးရက်၌မူ အာဆင်နယ်မှ အက်သလက်တီကိုမှ ဂါနာကွင်းလယ်လူ ပါတေးကို ပေါင် ၄၅ သန်းဖြင့်ခေါ်ယူခဲ့ပြီး ယင်းနေ့၌ အပြောင်းအရွှေ့ ၃၄ ခု အထမြောက်ခဲ့ကြောင်း စကိုင်းစပို့တ်က ဆိုသည်။
ကစားသမားရောင်းချခြင်းမှ ငွေကြေးအများဆုံး ရခဲ့သည့် ကလပ်များမှာ ဝုလ်ဗာဟမ်တန် ( ပေါင် ၇၆ ဒသမ ၀ သန်း)၊ မန်စီးတီး( ၇၀ ဒသမ ၅သန်း)၊ လက်စတာ (ပေါင် ၅၁ ဒသမ ၇ သန်း)၊ လီဗာပူး(ပေါင် ၃၃ ဒသမ ၅ သန်း)နှင့် ဝက်စ်ဟမ်း (ပေါင် ၂၉ ဒသမ ဝသန်း)တို့ဖြစ်ကြသည်။ ကစားသမားခေါ်ယူမှုအတွက် အသားတင် အသုံးစရိတ်အရ မန်ယူမှာ ပေါင် ၃၆ ဒသမ ၄ သန်း အသုံးပြု ခဲ့သည်။
ရာသီသစ်ပရီးမီးယားလိဂ်သည် ကိုဗစ်ကာလအတွင်း ကစားနေကာ ပွဲစဉ် (၄) ပြီးဆုံးချိန်၌ အဲဗာတန်က ရမှတ် ၁၂ မှတ်ဖြင့်ဦးဆောင်ကာ ဝက်စ်ဘရွန်း ဘန်လေ ရှက်ဖီးလ်ယူနိုက်တက်နှင့် ဘန်လေတို့မှာ နိုင်ပွဲမရသေးကြောင်း သိရသည်။















