ကျောက်တံခါးမြို့တွင် သူစိမ်းနှစ်ဦးမှ နေအိမ်တစ်အိမ်သို့ ရေတောင်းသောက်ကာ ဓားဖြင့်ခြိမ်းခြောက်၍ ငွေနှင့်ဆိုင်ကယ်ယူဆောင်သွားသည့်အမှုကို အချိန်ပိုင်းအတွင်း လှည့်ကင်းအဖွဲ့က ဖမ်းမိခဲ့ကြောင်း အောက်တိုဘာ ၇ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
အောက်တိုဘာ ၆ ရက်၊ ည ၉ နာရီခွဲခန့်တွင် ကျောက်တံခါးမြို့နယ်၊ ကွင်းတောင်ရပ်ကွက်နေကိုကျော်စိုးသည် ဇနီး၊ကလေးငယ်တို့နှင့်အတူ နေအိမ်တွင် ညစာ စားနေချိန် သူစိမ်းအမျိုးသားနှစ်ဦးရောက်လာပြီး တစ်ဦးက အိမ်အပေါက်ဝမှနေ၍ ရေဆာနေ၍ရေတစ်ခွက်လောက်တိုက်ပါဟုဆိုကာ ရေတောင်းသောက်ခဲ့ကြောင်း၊ ထို့နောက်ပတ်ဝန်းကျင်ကို အကဲခတ်ကာ ကျန်တစ်ဦးက ငှက်ကြီးတောင် ဓားကိုင်၍ အိမ်တွင်း ဝင်ရောက်လာပြီး ကိုကျော်စိုးလည်ပင်းကို ဓားထောက်၍ ငွေတောင်းခဲ့ကြောင်းသိရသည်။
ထို့နောက် ဗီရိုအတွင်း သိမ်းဆည်းထားသည့် ပိုက်ဆံအိတ်အတွင်းမှ ကျပ် ၄၅၀၀၀၊ ပုဆိုး(၁)ထည်၊ Huawei ဖုန်းနှင့် ဆိုင်ကယ်တစ်စီးတို့ကို ၎င်းတို့ နှစ်ဦးကယူဆောင်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
အဆိုပါကိစ္စကိုရပ်ကွက်လူကြီးများမှတစ်ဆင့်ရဲတပ်ဖွဲ့ထံအကြောင်းကြား၍ ပိတ်ဆို့ရှာဖွေခဲ့ရာ ပြစ်မှုကျူးလွန်သူ မြင့်ဇော်(ခ)ဖိုးဇော်(၄၉)နှစ်နှင့် စိုးမင်းသိန်း(ခ)ပိစိ(၂၄)နှစ်တို့ ၂ ဦးကိုဈေးပိုင်းရပ်ကွက်(၂)၌ ဆိုင်ကယ်နှင့်အတူ အချိန်ပိုင်းအတွင်းဖမ်းမိခဲ့သည်။
ဖမ်းဆီးရမိသူ ၂ ဦးကိုကျောက်တံခါးမြို့မရဲစခန်းက (ပ) ၂၈၄/၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ - ၃၈၆ ဖြင့် အမှုဖွင့်အရေးယူထားသည်။

















