မြန်မာ-ထိုင်းနယ်စပ်၏ အဓိကကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် ကရင်ပြည်နယ် မြဝတီမြို့နယ်စပ် ကုန်သွယ်ရေးဇုန်တွင် အောက်တိုဘာ ၆ ရက်မှစတင်၍ ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ၊မရှိ စစ်ဆေးပေးလျှက်ရှိကြောင်း သိရသည်။
မြဝတီမြို့မှတစ်ဆင့် မြန်မာပြည်တဝှမ်း ကုန်စည်ပို့ဆောင်ကြမည့်ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို အဓိကထား၍ Test Kit များဖြင့် ကိုဗစ်ရောဂါပိုးရှိ၊မရှိစစ်ဆေးပေးခြင်း ဖြစ်သည်။ လက်ရှိအချိန်၌မြဝတီခရိုင် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း ခုနစ်ဦးဖြင့် စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
''လူတစ်ဦးကို COVID-19 ရောဂါပိုးရှိ၊မရှိ စစ်ဆေးတာ မိနစ် ၃ဝ ခန့်သာ ကြာတဲ့အတွက် တစ်ရက်ကိုပျမ်းမျှလူဦးရေ ၁ဝဝ ခန့်စစ်ဆေးနိုင်ပြီး ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေရဲ့ ဓာတ်ပုံတွေနဲ့ ကျန်းမာရေးထောက်ခံစာတွေကို ထုတ်ပေးပါတယ်။အခုလို Test Kit နဲ့ စစ်ဆေးတာက ၈ဝ ရာခိုင်နှုန်းခန့် အဖြေမှန်ရရှိနိုင်မှာဖြစ်ပြီး ၎င်းတို့အနေနဲ့ မြဝတီနယ်စပ်က ကုန်စည်တင်ပို့တဲ့အခေါက်တိုင်းစစ်ဆေးသွားရမှာဖြစ်ပါတယ်၊ အခုလိုကိုဗစ်ရောဂါ ရှိ၊မရှိ ကျန်းမာရေးစစ်ဆေးခအနေနဲ့ တစ်ကြိမ်လျှင် ကျပ် ၂ဝဝဝဝ ပေးဆောင်ရမှာဖြစ်ပြီး ၎င်းကုန်ကျစရိတ်ကို ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တွေက ပေးဆောင်ရမှာဖြစ်ပါတယ်''ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှုး ဦးတေဇာအောင်က ပြောသည်။
အဆိုပါ Test Kit များဖြင့် ကိုဗစ်ရောဂါပိုးရှိ၊မရှိ စစ်ဆေးခြင်းများကိုမြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်အပြင်ဘားအံ သံလွင်တံတား၊ မွန်ပြည်နယ်ကျိုက်ထိုမြို့ စစ်တောင်းတံတားစစ်ဆေးရေးဂိတ်များတွင် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား စစ်ဆေးပေးလျက်ရှိကြောင်းသိရသည်။
















