ကလေးမြို့သို့ အခြေပြုပြေးဆွဲနေသည့် မော်တော်ယာဉ်များမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအားကျန်းရေးစစ်ဆေးရေး စစ်ဆေးမှုများကို အောက်တိုဘာ ၇ ရက်မှစတင်ကာ ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့်ဦးတင်ထွန်းဝင်းက ပြောသည်။
''အခုဒီနေ့က စတင်စစ်ဆေးပေးတာဖြစ်ပါတယ်။ ဒီနေ့လူ ၃ဝ ဝန်းကျင်စစ်ဆေးပေးမှာဖြစ်ပါတယ်၊ ကား ၁၅ စီးစာပေါ့၊ စစ်ဆေးပြီးရင် ကျန်းမာရေးထောက်ခံစာ ထုတ်ပေးမှာဖြစ်ပါတယ်။နေ့စဉ်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။အခုလတ်တလောမှာတော့ လူ ၂ဝဝ ဝန်းကျင်လောက်အထိ ရက်ဆက်စစ်ဆေးပေးသွားဖို့ စီစဉ်ထားပါတယ်''ဟု ၎င်းက ပြောသည်။
ကလေးမြို့ကို အခြေစိုက်ပြေးဆွဲနေသည့် ကားစီးပေါင်း ၆ဝ ဝန်းကျင်ရှိပြီး ပုံမှန်အားဖြင့် ကလေးမြို့သို့ ဝင်ထွက်သွားလာနေသည့် ကုန်တင်ကား၊ဘတ်စ်ကားစီးရေ ၁ဝဝ ဝန်းကျင်ရှိကြောင်း ကလေးမြို့နယ် ပုဂ္ဂလိကယာဉ်များစနစ်တကျပြေးဆွဲရေးကော်မတီမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
''ကျွန်တော်တို့ ကားအဖွဲ့တွေ၊COVID-19 ရောဂါပိုးစစ်ဆေးရေးအတွက်ကလေးမြို့ အ.ထ.က(၁)မှာ စောင့်ဆိုင်းနေပါတယ်။ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာပါမှ အမြို့မြို့အနယ်နယ်က သွားလာဖြတ်သန်းခွင့်ပြုမယ်ဆိုတော့ ကျွန်တော်တို့ စစ်ဆေးမှုခံယူနေရတာဖြစ်ပါတယ်။အခုလိုစစ်ဆေးပေးတဲ့အတွက် ကျွန်တော်တို့ သွားလာလုပ်ကိုင်စားသောက်ရသူတွေအတွက် ပိုမိုအဆင်ပြေပါတယ်'' ဟု ကလေး-ရန်ကုန်အဝေးပြေးမော်တော်ယာဉ်မောင်းတစ်ဦး ဖြစ်သည့်ဦးသော်တာက ပြောသည်။
ကလေးမြို့တွင် အောက်တိုဘာ၇ ရက်အထိ စောင့်ကြည့်လူနာပေါင်း ၂ဝဝ ဝန်းကျင်ခန့်ရှိပြီး ပိုးတွေ့လူနာပေါင်း ၁၉ ဦးရှိသည်။ ကလေးမြို့တွင် Quarantine စင်တာပေါင်းလေးခုရှိပြီး ပိုးတွေ့လူနာများကို တိုင်းရင်းဆေးရုံတွင် ကုသပေးလျက်ရှိကြောင်း သိရသည်။
















