အင်ဒိုနီးရှားအစိုးရ၏ အလုပ်အကိုင်ဆိုင်ရာဥပဒေကို ဆန့်ကျင်ဆန္ဒပြမှု လူရာပေါင်းများစွာ အဖမ်းခံရ

အင်ဒိုနီးရှားအစိုးရ၏ အလုပ်အကိုင်ဆိုင်ရာဥပဒေကို ဆန့်ကျင်ဆန္ဒပြမှု လူရာပေါင်းများစွာ အဖမ်းခံရ

အင်ဒိုနီးရှားအစိုးရက အတည်ပြုထားသည့် အငြင်းပွားဖွယ် အလုပ်အကိုင်ဖန်တီးမှုဆိုင်ရာဥပဒေနှင့်ပတ်သက်၍ ဆန့်ကျင်ဆန္ဒပြမှု ဒုတိယနေ့ဖြစ်သည့် အောက်တိုဘာ ၇ ရက်တွင် ရဲတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများအနက် လူ ၄၀၀ ခန့်ကို ဖမ်းဆီးထိန်းသိမ်းမှုများပြုလုပ်ခဲ့သည်။

အောက်တိုဘာ ၇ ရက်တွင် နိုင်ငံတွင်းရှိ နေရာ ၁၂ နေရာတို့တွင် ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။

တောင်ဆူမတြား ပါလမ်ဘန်းရှိ လွှတ်တော်အဆောက်အအုံရှေ့၌ ဆန္ဒပြသူများအနက် ၁၈၃ ဦးနှင့် မြို့တော် ဂျကာတာ၌ ဆန္ဒပြသူ ၂၀၀ ကျော်တို့ကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းရန်အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဆန္ဒပြသူများအနက် တချို့သည် ဓာတ်ဆီဗုံးများနှင့် ချွန်ထက်သော ပစ္စည်းများကို ကိုင်ဆောင်ခဲ့ကြပြီး ရဲတပ်ဖွဲ့သည် မျက်ရည်ယိုဗုံးနှင့် မီးသတ်ပိုက်များကို သုံးကာ လူစုခွဲခဲ့ရသည်။

ဥပဒေသည် စီးပွားရေးလုပ်ငန်းများကို အသာစီးပေးထားပြီး အလုပ်သမားများနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နစ်နာစေမှုများရှိလာနိုင်သောကြောင့် ရုပ်သိမ်းပေးရန် ဆန္ဒပြသူများက တောင်းဆိုခဲ့သည်။

ဂျဗားကျွန်းရှိ ဆန္ဒပြသူများသည် ဒေသဆိုင်ရာလွှတ်တော်အဆောက်အအုံ ခြံစည်းရိုးကို ဖျက်ဆီးခဲ့ပြီး ဂျကာတာနှင့် ဘန်ဒေါင်းတို့၌ ကျောင်းသားများသည် ကျောက်ခဲများဖြင့် ပစ်ခတ်ခဲ့ကာ ကားတာယာများကို မီးရှို့ခဲ့ကြသည်။

COVID-19 ကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေး ပြန်လည်ဦးမော့လာရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို စွဲဆောင်ရန် ကြိုးနီစနစ်လျှော့ချရေးတို့အတွက် အဆိုပါဥပဒေကို အတည်ပြုရခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒို၏အစိုးရကပြောဆိုခဲ့သည်။

လွှတ်တော်သည် အများပြည်သူအတွက် အကျိုးရှိသော ဥပဒေကြမ်းများကို အတည်ပြုရာတွင် အမြဲတမ်းနှောင့်နှေးခဲ့သော်လည်း ယခုဥပဒေကြမ်းကိုမူ အချိန်မဆိုင်းဘဲ အတည်ပြုပေးခဲ့သည့်အတွက် အံ့သြမိကြောင်း ဘန်ဒေါင်းရှိ ပတ်ဂျာဂျာရန်တက္ကသိုလ်မှ ဆူဆီ ဒဝီ ဟာရီဂျန်တီကပြောဆိုခဲ့သည်။

ဥပဒေသည် အရင်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် လုပ်ငန်းကြီးများအတွက်သာ အကျိုးရှိမည်ဖြစ်ပြီး အလုပ်သမားများသည် နင်းပြားဘဝမှတက်လာမည်မဟုတ်ကြောင်း အင်ဒိုနီးရှားရှိ သြဇာကြီးမားသော အစ္စလာမ်အဖွဲ့အစည်းတစ်ခုကလည်း ဝေဖန်ခဲ့သည်။

သတင်းမှားရရှိထားသောကြောင့်သာ ဥပဒေနှင့်ပတ်သက်၍ စိုးရိမ်နေကြခြင်းဖြစ်ကြောင်း စီးပွားရေးဝန်ကြီး အဲလန်ဂါ ဟာတာတိုက အောက်တိုဘာ ၇ ရက်တွင် ပြောဆိုခဲ့သည်။