မြောက်ကိုရီးယား၌ စစ်ရေးပြပွဲအခမ်းအနားကျင်းပမည်

မြောက်ကိုရီးယား၌ စစ်ရေးပြပွဲအခမ်းအနားကျင်းပမည်

မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်း၌ အောက်တိုဘာ ၁၀ ရက်တွင် နောက်ဆုံးပေါ်လက်နက်များပါဝင်သည့် စစ်ရေးပြအခမ်းအနားကို ကျင်းပရန် စီစဉ်နေကြောင်း တောင်ကိုရီးယားရှိ ယွန်ဟတ်သတင်းဌာနက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားရှိ အာဏာရ အလုပ်သမားပါတီတည်ထောင်မှု ၇၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်ရေးပြအခမ်းအနားကို ပြုလုပ်မည်ဖြစ်သည်။

အင်အားများစွာပါဝင်နိုင်ကြောင်း မြောက်ကိုရီးယားအရေးစောင့်ကြည့်နေသည့် 38North ဝက်ဘ်ဆိုက်က ဂြိုဟ်တုဓာတ်ပုံများအပေါ် အခြေခံကာပြောဆိုခဲ့သည်။

စစ်ရေးပြပွဲပြုလုပ်ရန် စီစဉ်သည်မှာ ထင်ရှားလှကြောင်း တောင်ကိုရီးယားရှိ အမေရိကန်တပ်များ၏တပ်မှူးဟောင်း ဗင်းဆင့် ဘရွတ်စ်ကပြောဆိုခဲ့သည်။

မြောက်ကိုရီးယားကိုတည်ထောင်သူ ကင်အီဆွန်းကို ဂုဏ်ပြုသည့်အနေဖြင့် အမည်ပေးထားသည့် ရင်ပြင်၌ စစ်သည်များ ချီတက်မည်ဖြစ်သည်။

ယင်းနောက်တွင် သံချပ်ကာယာဉ်များနှင့် ဒုံးကျည်တင်ယာဉ်များ လိုက်ပါလာမည်ဖြစ်သည်။ ၂၀၁၇ ခုနှစ် ဧပြီတွင် တိုက်ချင်းပစ်ဒုံးကျည်စနစ်ကိုပြသခဲ့မှုကြောင့် အာရှဒေသတွင် တင်းမာမှုများရှိလာခဲ့သည်။

သို့သော် အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့ကြား သံတမန်ရေးဆက်ဆံမှုများရှိနေသည့် ၂၀၁၈ ခုနှစ် စက်တင်ဘာတွင်မူ တိုက်ချင်းပစ်ဒုံးကျည်များကို ပြသခြင်းမပြုခဲ့ချေ။

အမေရိကန်၏ကျူးကျော်မှုမှ ကာကွယ်ရန် လက်နက်များကို ဆက်လက်ထုတ်လုပ်နေရခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောဆိုထားပြီးဖြစ်သည်။

မဟာဗျူဟာကျလက်နက်တစ်ခုကို ထုတ်ပြမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ယမန်နှစ် ဒီဇင်ဘာတွင် ပြောဆိုခဲ့သည်။