သီရိလင်္ကာနိုင်ငံ၌ COVID-19 အစုလိုက်အပြုံလိုက်ကူးစက်မှုမြင့်တက်လာပြီးနောက် အောက်တိုဘာ ၈ ရက်မှစ၍ ညမထွက်ရအမိန့်သက်ရောက်သည့် မြို့နယ်အရေအတွက်ကို ပိုမိုတိုးမြှင့်ပြီး အစိုးရရုံးများကိုလည်း ပိတ်သိမ်းလိုက်ပြီဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနသည် လူစုလူဝေးမပြုစေရန်အတွက် ကောင်စစ်ဝန်ဆိုင်ရာရုံးများကို တစ်ပတ်ပိတ်သိမ်းမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ပြည်ပတွင် သေဆုံးသည့် သီရိလင်္ကာနိုင်ငံသားများနှင့်ပတ်သက်၍ မှတ်တမ်းမှတ်ရာကိစ္စရပ်များကိုသာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အခွန်၊ လူဝင်မှုကြီးကြပ်ရေး။ ပင်စင်၊ မော်တော်ယာဉ်လိုင်စင်နှင့် မှတ်ပုံတင်ရုံးများကို တစ်ပတ်တိတိပိတ်သိမ်းထားမည်ဖြစ်သည်။
သီရိလင်္ကာမြို့တော် ကိုလံဘိုဆင်ခြေဖုံးရှိ အထည်ချုပ်စက်ရုံတစ်ရုံ၌ ယခုအပတ်အတွင်း အစုလိုက်အလိုက်အပြံုလိုက်ကူးစက်သူဦးရေသည် ၁၀၃၄ ဦးအထိရှိလာပြီး လူ ၂၀၀၀ ကျော်ကို နေအိမ်များတွင် သီးခြားနေထိုင်ရန် ညွှန်ကြားထားရသည်။
လူနာသစ်များနေထိုင်သည့် ဆင်ခြေဖုံးများတွင် ညမထွက်ရအမိန့်ထုတ်ထားပြီး ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ချမှတ်ထားသည်။
စာသင်ကျောင်းများကို ပိတ်သိမ်းထားပြီး လူစုလူဝေးမပြုရန် ညွှန်ကြားထားကာ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်တွင်လည်း ကန့်သတ်ချက်များ ချမှတ်ထားသည်။
သီရိလင်္ကာနိုင်ငံ၌ နှစ်လကြာ ပြည်တွင်းကူးစက်မှုမရှိခဲ့ပြီးနောက် အစုလိုက်အပြုံလိုက်ကူးစက်မှုရှိလာခဲ့ခြင်းဖြစ်သည်။
စက်ရုံဝန်ထမ်းများသည် တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ လုပ်ကိုင်ရခြင်း၊ အလုပ်မှ အိမ်သို့ အတူပြန်ရခြင်းနှင့် ရပ်ကွက်များထဲတွင် အများပြည်သူနှင့် ထိတွေ့ဆက်ဆံခြင်းတို့ရှိနေသောကြောင့် ကူးစက်မှုနှုန်းမြင့်တက်လာနိုင်ကြောင်း ကျန်းမာရေးအရာရှိများက ပြောဆိုခဲ့သည်။
သီရိလင်္ကာနိုင်ငံ၌ COVID-19 ကူးစက်သူ ၄၂၅၂ ဦးနှင့် သေဆုံးသူ ၁၃ ဦးရှိနေသည်။ လူနာ ၃၂၇၄ ဦးသည် ပြန်လည်ကျန်းမာလာသောကြောင့် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီဖြစ်သည်။

















