ဟောင်ကောင်၊ ရှင်ကျန်းဒေသအရေးများနှင့် ပတ်သက်၍ အနောက်နိုင်ငံတချို့၏ အခြေအမြစ်မရှိ ပြောဆိုနေမှုများကို ရှုတ်ချပြီး လူ့အခွင့်အရေးနှင့်ပတ်သက်၍ ဆရာလုပ်နေမှုများနှင့် ရှေ့တစ်မျိုး နောက်တစ်မျိုးလုပ်ဆောင်မှုများကို လက်ခံမည်မဟုတ်ကြောင်း တရုတ်အစိုးရက အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အနောက်နိုင်ငံတချို့ရှိ လူ့အခွင့်အရေးအခြေအနေများသည် ဆိုးရွားသည့် အနေအထားတွင်ရှိနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
‘’တခြားနိုင်ငံတွေအပေါ် လူ့အခွင့်အရေးဆိုင်ရာ အခြေအနေနဲ့ပတ်သက်ပြီး သူတို့တွေ တကျီကျီပြောနေတာကျတော့ရော ဘာအခွင့်အရေးလဲ’’ ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပြောခွင့်ရှိသူ ဟွာချွန်ယင်းက မေးခွန်းထုတ်ခဲ့သည်။
အနောက်နိုင်ငံများ၏ ဒုက္ခသည်အရေးတွင် မကောင်းသတင်းကျော်စောမှု၊ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း၊ လူမျိုးရေးခွဲခြားမှုများ နှင့် လူ့အခွင့်အရေး ချိုးဖောက်နေမှုများအပေါ်တွင်လည်း ၎င်းက ဝေဖန် ပြောဆိုခဲ့သည်။
‘’ အကောင်းဆုံးဆိုတာ မရှိပါဘူး။ လူ့အခွင့်အရေးအပေါ် ပိုကောင်းအောင် ကာကွယ်တာပဲရှိတာပါ။ နိုင်ငံတိုင်းက ကိုယ့်ပြည်တွင်းရေးကိုပဲ အရင်ဆုံး ကောင်းကောင်းဆောင်ရွက်သင့်တယ်’’ ဟု ဟွာချွန်ယင်းက ပြောဆိုခဲ့သည်။
ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီအထွေထွေဆွေးနွေးပွဲတွင် နိုင်ငံ ၇၀ နီးပါးက တရုတ်ဘက်မှ ထောက်ခံခဲ့ကြသည်။
ဟောင်ကောင်အရေးနှင့်ပတ်သက်၍ တရုတ်ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ပါကစ္စတန်က နိုင်ငံ ၅၅ နိုင်ငံကိုယ်စား ထုတ်ပြန်ခဲ့သည်။

















