ဝက်အူ ရခိုင်သုပ်

ဝက်အူ ရခိုင်သုပ်

ဒီတစ်ပတ် အလွယ်ဆုံး ချက်ပြုတ်နည်းတစ်ခုကို စဉ်းစားထားပါတယ်။ဒါကတော့ အများကြိုက်ပြီး သုပ်ရလွယ်ကူတဲ့ ဝက်အူ ရခိုင်သုပ်ပါပဲ။ဝက်အူ ရခိုင်သုပ်မှာ အရေးကြီးဆုံးက လတ်ဆတ်သန့်စင်တဲ့ ဝက်အူရရှိဖို့ပါပဲ။ အိုးသူကြီးကတော့ ဝက်အူဝယ်တဲ့အခါမှာ အတွင်းပိုင်းကဖြူနေတဲ့ဝက်အူကို ရွေးပါတယ်။ ဈေးကဝယ်လာတဲ့ ဝက်အူတွေကိုရေဆေးသန့်စင်ပါတယ်။ ထုံးစံအတိုင်း ဝက်အူကို ဆားနဲ့တစ်ထပ်ဆေး၊ မန်ကျည်းရေ ဖြစ်ဖြစ်၊ သံပရာရည်ဖြစ်ဖြစ်ထပ်ဆေးပါတယ်။ ဆေးပြီးတော့ လေးညှင်း၊ သစ်ဂျပိုးခေါက်တို့နဲ့ ပြုတ်ပါတယ်။

ပြုတ်တဲ့အခါမှာ သတိထားရမှာကဝက်အူတွေက ဝက်ဆီထွက်ပါတယ်။တချို့က ဝက်အူ အနံ့မနံဖို့အတွက်ဟင်းခတ်အမွှေးအကြိုင်တွေကို ဆီအိုးကင်းနဲ့အရင်လှော်ကြပါတယ်။ လှော်ရင်လည်းဆီတွေ အိုင်ထွက်ပါတယ်။ ပြုတ်တဲ့အခါအပျော့အမာအနေအထားကို စမ်းကြည့်ပြီးကိုယ်စိတ်ကြိုက်အခြေအနေမှာဆယ်ယူထားရပါမယ်။ အကြွပ်မှ ကြိုက်တယ်ဆိုရင်လည်း ရေခန်းလို့ ထွက်လာတဲ့ ဆီနဲ့ကြော်နိုင်ပါသေးတယ်။

ဝက်အူကိစ္စပြီးသွားရင် နောက်ထပ်လုပ်ရမယ့် အမည်တစ်ခုက ရခိုင်ငါးပိထောင်းဖြစ်ပါတယ်။ ရခိုင်ငါးပိတ်ထောင်းဖြစ်ဖို့ရာမျှင်ငါးပိကို မီးဖုတ်ပါတယ်။ ထုံးစံအတိုင်း ငရုတ်သီးတွေလည်းမီးဖုတ်ပြီးထောင်းပါတယ်။ ပုစွန်ခြောက်သေးတွေပါ ထည့်ထောင်းပါတယ်။ငရုတ်သီးအနည်းအများ၊ ငါးပိအနည်းအများကတော့ ကိုယ့်စိတ်ကြိုက်ချိန်ထည့်နိုင်ပါတယ်။ ရခိုင်ငါးပိထောင်းရပြီဆိုတာနဲ့ ရလာတဲ့ ဝက်အူနဲ့ရခိုင်ငါးပိထောင်းကို ရောနှယ်ပါတယ်။ သံပရာရည် ညှစ်ထည့်ပါတယ်။

ကြိုက်နှစ်သက်ရာ အသီးအရွက်၊ အစာပလာတွေလည်းထပ်ထည့်နိုင်ပါသေးတယ်။ တစ်ဆက်တည်း ပြောချင်တာက ကိုဗစ်ကာလမှာ အိမ်ရှင်မများအနေနဲ့ ရခိုင်ငါးပိထောင်းနဲ့တွဲစပ်ပြီး ငါးနီတူရခိုင်သုပ်၊ မျှစ်ရခိုင်သုပ်၊ ကျောက်ပွင့် ရခိုင်သုပ် စသဖြင့် ထမင်းမြိန်စေမယ့် ဟင်းလျာတွေတစ်မျိုးပြီး အလွယ်တကူ လုပ်စားနိုင်ပါတယ်။ဝက်အူသုပ်ကို ရခိုင်ငါးပိထောင်းအပြင် မန်ကျည်းငရုတ်သီးအနှစ်ရည်နဲ့သုပ်စားရင်လည်း တစ်မျိုးစားကောင်းပါတယ်။ ဒါ့ပြင် စီချွမ်ငရုတ်နှစ်၊ပဲငံပြာရည်အကြည်၊ ဟင်းခတ်မှုန့်တွေနဲ့ရောပြီးလည်း စီချွမ်ဝက်အူသုပ်အဖြစ်လည်း သုပ်စားလို့ရပါသေးတယ်။

ကိုဗစ်ကာလမှာ စီချွမ်ငရုတ်နှစ်တို့၊ ရခိုင်ငါးပိထောင်းတွေလုပ်ပြီး သိမ်းထားတာ အသုပ်အမျိုးမျိုးလုပ်စားလို့အဆင်ပြေတဲ့နည်းဖြစ်ကြောင်းကိုလည်း ဒီနေရာကနေအကြံပြုလိုက်ပါတယ်နော်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး