ဗြိတိန်၌ COVID-19 ရောဂါလက္ခဏာများကို နာတာရှည် ခံစားနေရသူများအား အထူးစောင့်ရှောက်ကုသမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားကျန်းမာရေးဌာန (NHS) က အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အသက်ရှုကျပ်ခြင်းနှင့် ခေါင်းကိုက်ခြင်းလက္ခဏာများအား အထူးကုသပေးမည်ဖြစ်ကြောင်း သိရသည်။
COVID-19 ရောဂါအား ပြင်းထန်စွာ မခံစားခဲ့ရသော်လည်း နောက်ဆက်တွဲဆိုးကျိုးများကို သီတင်းပတ်များစွာမှ လပေါင်းများစွာ ကြာမြင့်သည်အထိ ခံစားနေရသူ ထောင်ချီ၍ ရှိနေကြောင်း သိရသည်။
ရောဂါကူးစက်ခံရပြီးနောက် COVID-19 လူနာ ၁၀ ရာခိုင်နှုန်းသည် ရောဂါလက္ခဏာများကို အကြမ်းဖျဉ်းအနေဖြင့် သုံးပတ်ကျော်ကြာ ခံစားရကြောင်း NHS က ထုတ်ပြန်ခဲ့သည်။
အင်္ဂလန်၌ လူနာ ၆၀၀၀၀ ဝန်းကျင်မှာ COVID-19 နာတာရှည်လက္ခဏာများရှိနေကြောင်း NHS ၏စာရင်းအင်းများအရသိရသည်။
‘’ ဗိုင်းရပ်စ် ကူးစက်ခံရပြီးတဲ့နောက် လူနာအနည်းငယ်ဟာ COVID-19 ရောဂါလက္ခဏာတွေကို သီတင်းပတ်တွေကနေ လပိုင်းလောက်အထိ သက်ရောက်မှုရှိနေနိုင်တယ်ဆိုတာ ရှင်းနေပါတယ်။ ဒီလူနာတွေ လိုအပ်ချက်ရှိနေတာကို ကျွန်တော်တို့က သတိကြီးစွာနဲ့ ထိထိရောက်ရောက် တုံ့ပြန်ရပါမယ်” ဟု NHS အကြီးအကဲ ဆိုင်မွန် စတီဗင်က ပြောဆိုခဲ့သည်။
COVID-19 နာတာရှည်ရောဂါလက္ခဏာများ ခံစားနေရသူများအတွက် အင်္ဂလန်တစ်ဝန်းတွင် ဆေးခန်းများဖွင့်လှစ်ရန် ပေါင် ၁၀ သန်း (ဒေါ်လာ ၁၃ သန်း) ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

















