မြဝတီမြို့ရှိ Quarantine စင်တာ ကိုးခု၌ စောင့်ကြည့်ဆေးကုသမှုခံနေရသူ ပြည်တော်ပြန် ရွှေ့ပြောင်းအလုပ်သမားများ လာမည့်ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခွင့်ရရှိရေး ဆောင်ရွက်ပေးသွားမည်ဟု ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။
"Quarantine ဝင်ရတဲ့သူတွေက ရွေးကောက်ပွဲနေ့မှာ နေရပ်မပြန်ရသေးဘူး။ သူတို့ရဲ့မဲပေးခွင့်မဆုံးရှုံးအောင် ဆောင်ရွက်ပေးမှာ။ ကြိုတင်မဲကျတော့ ထိုင်း၊ ဂျပန်၊ စင်ကာပူ၊ တောင်ကိုရီးယားတို့မှာ ပေးနေတဲ့ပုံစံအတိုင်း ပုံစံ ၁၅ လျှောက်လွှာတင်လိုက်တာနဲ့ သူတို့နေထိုင်ခဲ့တဲ့ မြို့နယ်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကြိုတင်မဲပေးလို့ရတာပေါ့။ မြဝတီအတွက်တော့ မဟုတ်ဘူး။ သက်ဆိုင်ရာဒေသအသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေကို မဲပေးဖို့အတွက် စီစဉ်ပေးတာ။"ဟု ဦးသန့်ဇင်အောင်က ပြောသည်။
အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အတွင်း ပုံစံ(၁၅)များကို ဝေငှမည်ဖြစ်ရာ အောက်တိုဘာ၂၇ ရက်တွင် လိုအပ်သည့်အချင်အလက်များ ဖြည့်သွင်းပြီးပါက ပြန်လည်တင်ပြပေးရမည်ဖြစ်ပြီး အောက်တိုဘာ ၂၈ ရက်မှ ၃၁ ရက်အတွင်း မဲရုံဖွင့်လှစ်မည့် Quarantine စခန်းများ၌ ကြိုတင်ဆန္ဒမဲပေးရမည်ဖြစ်သည်။
မတ်လ ၂၁ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီရှိ ချစ်ကြည်ရေးတံတား အမှတ် ၂ မှတစ်ဆင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၂၀၀၀၀ ကျော် ပြန်လည်ဝင်ရောက်ခဲ့ပြီးဖြစ်သည်။
ပြန်လည်ဝင်ရောက်လာသူများအနက် မြဝတီမြို့ရှိ Quarantine စင်တာ ကိုးခုတွင် ၇၀၀ ကျော်ခန့်ကို နေရပ်သို့ ပြန်လည် မစေလွှတ်နိုင်သေးဘဲ သီးခြားထားရှိ ဆေးကုသပေးနေဆဲဖြစ်သည်။
"ဒီရက်ထဲမှာ ၃၀၀ ကျော်လောက် ပြန်ပြီးတော့ ဝင်နေတော့ ပုံစံ ၁၅ တင်ရမယ့် ကာလမှာ ၁၀၀၀ ကျော်လောက်တော့ ဖြစ်သွားမှာပေါ့။" ဟု ၎င်းကဆိုသည်။















