မြန်မာ-ထိုင်းနယ်စပ် မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသော COVID-19 အတည်ပြုလူနာသုံးဦးမှာ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရသော်လည်း စည်းကမ်းချက်များမလိုက်နာသည့်အတွက် အရေးယူခံမည်ဖြစ်ကြောင်း သိရသည်။
မြဝတီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ Stay at Home ဒေသအဖြစ် သတ်မှတ်ထုတ်ပြန်ထားသည့်အမိန့်ကို မလိုက်နာခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်ကျော်ခရီးသွားလာရာတွင် လိုက်နာရမည့်ညွှန်ကြားချက်များအား မလိုက်နာခြင်း၊ Stay at Home ဒေသမှပြန်လည်ဝင်ရောက်လာသူများအားလုံး Quarantine ဝင်ရောက်ရန် လိုက်နာမှုပျက်ကွက်ခြင်းနှင့် ရောဂါကူးစက်မှုမဖြစ်ပွားစေရန်ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်ကြသည့်အတွက် COVID-19 ရောဂါအတည်ပြုလူနာ သုံးဦးအား ၂ဝ၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
စက်တင်ဘာ ၂၃ ရက်တွင် မလှလှဝင်းဆိုသူအား Swab နမူနာရယူပြီးစစ်ဆေးခဲ့ရာ COVID-19 အတည်ပြုလူနာဖြစ်ကြောင်းသိရှိရပြီး၊ ၎င်းသည်ရန်ကုန်မြို့မှ သဃင်္န်းညီနောင်ကျေးရွာသို့ ပြန်လည်ဝင်ရောက်ခဲ့သူဖြစ်ရာသက်ဆိုင်ရာသို့သတင်းပေးပို့ရန်ပျက်ကွက်ခဲ့ကြောင်း သိရသည်။ထို့ပြင် စက်တင်ဘာ ၂၁ ရက်တွင်ကျော်ထက်အောင်အား Swab နမူနာရယူကာ မြဝတီခရိုင်ဆေးရုံ ဓာတ်ခွဲဌာနတွင် စစ်ဆေးခဲ့ရာ COVID-19 အတည်ပြုလူနာဖြစ်ကြောင်း သိရှိရသဖြင့် မေးမြန်းချက်အရ စက်တင်ဘာ ၁၇ ရက်တွင် ရန်ကုန်မြို့မှ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်းသိရသည်။
စက်တင်ဘာ ၂၂ ရက်တွင်မြဝတီမြို့ အမှတ် (၄)ရပ်ကွက် Three Star Hotel တွင် တည်းခိုသူ မိုဟာမက်စလင်းအား Swab နမူနာရယူကာ မြဝတီခရိုင်ဆေးရုံ ဓာတ်ခွဲဌာနတွင်စစ်ဆေးခဲ့ရာ COVID-19 အတည်ပြုလူနာဖြစ်ကြောင်း သိရှိခဲ့ရသည်။
၎င်းသည် စက်တင်ဘာ ၁၆ ရက်တွင်ရန်ကုန်မြို့မှ မြဝတီမြို့သို့ လာရောက်ခဲ့ကြောင်း ပြောပြသိရှိရသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့်ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိသူများဖြစ်သောကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရအရေးယူဆောင်ရွက်နိုင်ရန်အတွက် မြဝတီမြို့မရဲစခန်း (ပ) ၅ဝ၉/၂ဝ၂ဝ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/၃ဝ(က) ဖြင့်အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
















