ပိုမိုကောင်းမွန်သော အနာဂတ်ကို လှမ်းချီနေသည့် ကိုရီးယား-မဲခေါင်ဒေသ ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံ

ပိုမိုကောင်းမွန်သော အနာဂတ်ကို လှမ်းချီနေသည့် ကိုရီးယား-မဲခေါင်ဒေသ ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံ

ကိုရီးယားအစိုးရမှ တောင်ပိုင်းဒေသ မူဝါဒသစ်ကို အဓိကနိုင်ငံခြားရေးမူဝါဒအဖြစ်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်ကိုရီးယားနှင့်မဲခေါင်ဒေသ ဆက်ဆံရေးသည်လည်း ခြေလှမ်းသစ်ကို လှမ်းချီလျက်ရှိနေပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပခဲ့သော ကိုရီးယား-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ကိုရီးယားအစိုးရမှမဲခေါင်ဒေသနိုင်ငံများ၏ Partnership ၏အရေးပါမှုကို ရှင်းလင်းစွာ အတည်ပြုပေးခဲ့ပါသည်။၂ဝ၁၁ခုနှစ် ပထမအကြိမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှစတင်ခဲ့သော ကိုရီးယားနှင့် မဲခေါင်ဒေသနိုင်ငံများ၏ ဆက်ဆံရေးသည် ၂ဝ၂၁ ခုနှစ်တွင် ၁ဝ နှစ်ပြည့်တော့မည်ဖြစ်ပါသည်။ '၁ဝ နှစ်ဆိုလျှင် တောတောင်နှင့်မြစ်များပြောင်းလဲသွားသည်'ဆိုသည့် ကိုရီးယားစကားပုံအတိုင်း ကိုရီးယား-မဲခေါင် ဆက်ဆံရေးအပြင်အခြားသောတိုးတက်မှုများစွာ ဖြစ်ပေါ်ခဲ့ပါသည်။

မဲခေါင်ဒေသ ငါးနိုင်ငံအတွင်း တစ်နိုင်ငံဖြစ်သောဗီယက်နမ်နိုင်ငံတွင် ဖြန့်ကျက်ထားသောကိုရီးယား-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုသည် အမှန်တကယ်ပင် တောက်ပလျက်ရှိနေပါသည်။ ကိုရီးယားကုမ္ပဏီများ၏ ဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အောင်မြင်ခြင်းများနှင့် ဗီယက်နမ်တွင်လွှမ်းမိုးလျက်ရှိနေသော ကိုရီးယားလှိုင်းများကတော့ မဲခေါင်ဒေသ၏ ဆွဲဆောင်မှုနှင့်ဖြစ်နိုင်ခြေများကို နိုးထလာစေသော အကြောင်းရင်းတစ်ရပ်ပင် ဖြစ်ပါသည်။

နိုင်ငံတကာအသိုင်းအဝိုင်းမှ COVID-19 ဆိုသည့် မကြုံစဖူး စိန်ခေါ်မှုကို ရင်ဆိုင်နေရချိန်တွင် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်ပြန်လည်ဖွဲ့စည်းခြင်းသည် လက်ရှိအချိန်ကာလ၏လိုအပ်ချက် ဖြစ်လာခဲ့ပါသည်။ COVID-19 အလွန်တွင် နိုင်ငံတကာ၏ စည်းမျဉ်းစည်းကမ်းများဖြင့် အားပြိုင်မှုများ စတင်ခဲ့ပြီဖြစ်သလို အာဆီယံဒေသတွင်လည်း ဖွံ့ဖြိုးတိုးတက်မှုအလားအလာ အများဆုံးဖြစ်သည့် မဲခေါင်ဒေသသည် အထူးအာရုံစိုက်မှုကို ရရှိလျက်ရှိနေပါသည်။ ပြီးခဲ့သည့်စက်တင်ဘာလ မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသ သုံးနိုင်ငံသို့သွားရောက်လည်ပတ်ခဲ့သောသမ္မတ မွန်းဂျယ်အင်းအတွက် မဲခေါင်ဒေသ၏အဆုံးမရှိသည့် ဖွံ့ဖြိုးတိုးတက်မှုအလားအလာကိုကိုယ်တိုင်တွေမြင်ခဲ့ရခြင်းသည် အကြီးမားဆုံးသောရလဒ်တစ်ခုပင်ဖြစ်သည်ဟု ဆိုခဲ့ပါသည်။ ကိုရီးယားအစိုးရမှ ပြီးခဲ့သည့် နိုဝင်ဘာလ ကိုရီးယား-အာဆီယံ ထိပ်သီးအစည်းအဝေးကာလတွင်ကိုရီးယား-မဲခေါင် အစည်းအဝေးကို ပထမအကြိမ်ထိပ်သီးအစည်းအဝေးအဖြစ် အဆင့်မြှင့်တင်ပြုလုပ်ခြင်းသည် တိုက်ဆိုင်မှုမဟုတ်ခဲ့ပေ။

မြန်မာနိုင်ငံသည် မဲခေါင်ဒေသတွင်လည်းဖွံ့ဖြိုးတိုးတက်မှုအတွက် အကြီးမားဆုံး အလားအလာရှိနေပါသည်။ သမ္မတ မွန်းဂျယ်အင်း၏ တရားဝင်ချစ်ကြည်ရေးခရီးစဉ်၌ပြောကြားခဲ့သော မိန့်ခွန်းတွင် ကိုရီးယားမှရရှိအောင်မြင်ခဲ့သော ဟန်မြစ်၏အံ့ဖွယ်နည်းတူ မြန်မာနိုင်ငံသည်လည်း ဧရာဝတီမြစ်၏အံ့ဖွယ်များကို ပိုင်ဆိုင်နိုင်သည့် မျှော်လင့်ချက်ကို မြင်ရသည်ဟု ပြောခဲ့ပါသည်။ ကိုရီးယားလုပ်ငန်းရှင်များအတွက်လည်း မြန်မာနိုင်ငံသည်အာဆီယံ၏ ရှာဖွေတွေ့ရှိခြင်း မရှိသေးသောနောက်ဆုံးဈေးကွက်အဖြစ် အသိအမှတ်ပြုခံထားရပါသည်။ ကိုရီးယားအစိုးရမှ ပြည်ပတွင်ဆောင်ရွက်ဆဲဖြစ်သည့် တစ်ခုတည်းသော G to G အဆင့်မြင့်စက်မှုဇုန် စီမံကိန်းဖြစ်သည့် 'ကိုရီးယား-မြန်မာ စက်မှုစီမံကိန်း (Korea-Myanmar Industrial Complex) လုပ်ငန်းရှင်းလင်းပွဲတွင်ကိုရီးယားကုမ္ပဏီများသာမက တရုတ်နှင့် ဗီယက်နမ် အစရှိသော အိမ်နီးချင်းနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံလျက်ရှိသော ကုမ္ပဏီများမှလည်း စိတ်ဝင်စားမှုရှိနေသည်မှာ မြန်မာမှပိုင်ဆိုင်ထားသည့်တန်ဖိုးအပေါ် စိတ်ဝင်စားမှုနှင့် မျှော်လင့်ချက်များပင် ဖြစ်ပါသည်။

စက်မှုဇုန်သာမက နိုင်ငံခြား Infra ဆောက်လုပ်ရေးတွင် ယုံကြည်မှုအမြင့်ဆုံးရရှိထားသည့် ကိုရီးယားအစိုးရအေဂျင်စီများနှင့် ကုမ္ပဏီများသည် ရထားလမ်း၊ လမ်းမ၊ဆိပ်ကမ်း၊ စွမ်းအင်ကဏ္ဍများ၏အရေးပါသော Infra ရင်းနှီးမြှုပ်နှံမှုများတွင် အင်တိုက်အားတိုက်ပါဝင်လျှက်ရှိနေပါသည်။ မြန်မာမှပိုင်ဆိုင်ထားသော မြင့်မားသည့် ပထဝီနိုင်ငံရေး တန်ဖိုးအတွက်ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့ COVID-19 အခြေအနေများကြားထဲမှ မဲခေါင်ဒေသနိုင်ငံနှင့် ပထမဆုံးအကြိမ်အဖြစ်ယခုနှစ်တွင် ကိုရီးယား-မြန်မာ ကုန်သွယ်ရေးနှင့်စက်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင်အစည်းအဝေးကို ကျင်းပခဲ့ခြင်းသည်လည်းမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ကိုရီးယားနိုင်ငံ၏ စိတ်ဝင်စားမှုနှင့် မျှော်လင့်အားထားမှုကို ဖော်ပြလျက်ရှိပါသည်။

မြန်မာနိုင်ငံသည် မဲခေါင်ဒေသတွင်လည်းဇီဝမျိုးစုံကွဲ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရာသီဥတုပြောင်းလဲမှုများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများတွင် အရေးအပါဆုံး မိတ်ဖက်နိုင်ငံအဖြစ် အသိအမှတ်ပြုခံထားရပါသည်။ပြီးခဲ့သည့် နိုဝင်ဘာလ ကိုရီးယား-မဲခေါင်ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့်ထိပ်သီးခေါင်းဆောင်များမှ ကိုရီးယား-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်ရေးစင်တာအား နေပြည်တော်တွင်အိမ်ရှင်အဖြစ် လက်ခံတည်ထောင်စေခြင်းသည်လည်း ဇီဝမျိုးကွဲ အရင်းအမြစ်များကို ပိုင်ဆိုင်ထားသော မြန်မာနိုင်ငံ၏တန်ဖိုးကို ပြသနေပါသည်။ကိုရီးယားအစိုးရ၏ တောင်ပိုင်းဒေသ မူဝါဒသစ်၏ သဘောတရားမှာ အခြားသောအရာများထက် လူသားအပေါ်တန်ဖိုးထားခြင်း ဖြစ်ပါသည်။

ထို့ကြောင့်လည်း ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့်ပညာရေး ကဏ္ဍများတွင်ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ပေးနေခြင်း ဖြစ်ပါသည်။COVID-19 သည် ကျန်းမာရေးကဏ္ဍတွင်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက်စေခဲ့ပါသည်။ ပညာရေးမှတစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အောင်မြင်ခြင်းမော်ဒယ်လ်ဖြစ်သည့်ကိုရီးယားနိုင်ငံသည် မြန်မာအထက်တန်းပညာရေးနှင့် သက်မွေးပညာရေးများနှင့်ပတ်သက်သောရင်းနှီးမြှုပ်နှံမှုများကို အဓိက ODA ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍသို့ မြှင့်တင်နေလျက်ရှိနေပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးတွင်နှစ်နိုင်ငံယဉ်ကျေးမှုအား အချင်းချင်း နားလည်သဘောပေါက်ခြင်းနှင့် လူလူချင်း အပြန်အလှန်ဖလှယ်ခြင်းများအား နောက်ခံထားခြင်းမရှိပါကရေရှည်တည်တံ့မည်မဟုတ်ပါ။ မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သော ကိုရီးယားခရီးသွားအရေအတွက်သည် ၂ဝ၁၉ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် လူဦးရေ တစ်သိန်းကျော်လွန်ခဲ့ပါသည်။ COVID-19 ကြောင့် ယာယီလျော့နည်းသွားသော်လည်း ရှေ့ဆက်ပြီး ခရီးသွားများဆက်လက်တိုးတက်ဝင်ရောက်လာမည်ဖြစ်သည်။ကိုရီးယားယဉ်ကျေးမှုအပေါ် မြန်မာပြည်သူတို့၏ချစ်ခင်အားပေးမှုမှာ ကိုရီးယားသံအမတ်အနေဖြင့် ပီတိအဖြစ်ရဆုံး အရာတစ်ခု ဖြစ်ပါသည်။

လတ်တလော အွန်လိုင်းတွင် ကျင်းပပြုလုပ်ခဲ့သောကိုရီးယားတောရ ဘုန်းကြီးကျောင်း အစားအစာ(ဆွမ်းဟင်းလျာ) မိတ်ဆက်ပွဲတွင် ကြည့်ရှုအားပေးသူဦးရေ နှစ်သိန်းသုံးသောင်းကျော်ရှိခြင်းသည် အင်မတန် အားအင်ဖြစ်စေသည့်ကိစ္စပင်ဖြစ်သည်။ နိုင်ငံအချင်းချင်း ယဉ်ကျေးမှုနှင့်ပတ်သက်၍ နားလည်မှုအားကောင်းခြင်းသည်လာရောက်ရင်းနှီမြှုပ်နှံမည့် လုပ်ငန်းများအတွက်ပိုမိုယုံကြည်စိတ်ချရသည့် အင်အားတစ်ရပ် ဖြစ်စေပါသည်။

လာမည့်နှစ်တွင် ဆယ်နှစ်ပြည့်မည့် ကိုရီးယား-မဲခေါင် ဆက်ဆံရေးသည် ယခုဆိုလျှင် ခြေလှမ်းသစ်စတင်လျက် ရှိနေပါသည်။ ကိုရီးယားနှင့် မြန်မာသည် ယခုနှစ်တွင် သံတမန်ဆက်ဆံရေး (၄၅)နှစ်ပြည့်ခဲ့ပြီဖြစ်ရာ မြန်မာနိုင်ငံသည် မဲခေါင်ဒေသ၏ဆက်ဆံရေးကို ပိုမိုတိုးတက်စေမည့် ကိုရီးယားနိုင်ငံ၏ ယုံကြည်စိတ်ချရသော မိတ်ဆွေတစ်ဖြစ်လည်း 'အတူလက်တွဲ လျှောက်လှမ်းသွားမည့်ခရီးသွားဖော်' အဖြစ် တည်ရှိသွားမည်ဖြစ်ပါသည်။

ဆောင်းပါးရှင်လီဆန်းဟွာကို ၁၉၆၈ ခုနှစ်မတ် ၂၆ ရက်တွင် မွေးဖွားသည်။၁၉၉၁ ခုနှစ် ဖေဖော်ဝါရီတွင် တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့ရှိ ကိုရီးယားတက္ကသိုလ်မှ စပိန်ဘာသာစကားနှင့် စာပေဆိုင်ရာ ဝိဇ္ဇာဘွဲ့ရရှိခဲ့သူဖြစ်သည်။၁၉၉၁ ခုနှစ် ဧပြီ၌ သံတမန်ရေးရာစာမေးပွဲကိုအောင်မြင်ခဲ့ပြီး ၁၉၉၁ ခုနှစ် မေလတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

၂ဝဝဝ ပြည့်နှစ် ဒီဇင်ဘာ၌ အမေရိကန်ပြည်ထောင်စု နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်တွင်ကိုရီးယားသံတမန်ဌာန ပထမအတွင်းဝန်အဖြစ်လည်းကောင်း၊၂ဝဝ၃ ခုနှစ် ဒီဇင်ဘာတွင် ကိုလံဘီယာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံး၌ ကောင်စစ်ဝန်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

၂ဝဝ၆ ခုနှစ် အောက်တိုဘာ၌ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခံထားရပြီး တာဝန်မထမ်းဆောင်ရသေးသည့် ဘန်ကီမွန်းအတွက် အသွင်ကူးပြောင်းရေးအဖွဲ့တွင်ပါဝင်ခဲ့သည်။လီဆန်းဟွာသည် ၂ဝဝ၇ ခုနှစ် ဇန်နဝါရီ၌ အမေရိကန်ပြည်ထောင်စု နယူးယောက်ရှိကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး အထွေထွေအတွင်းရေးမှူး၏ လက်ထောက်တာဝန်၊ ၂ဝ၁၄ ခုနှစ် မတ်တွင်တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရှိ Situation Center အကြီးအကဲနှင့် မူဝါဒစီမံရေးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်တာဝန်၊ ၂ဝ၁၅ ခုနှစ် မတ်လ၌ နိုင်ငံခြားရေးဝန်ကြီး၏ မူဝါဒအကြံပေးတာဝန်၊၂ဝ၁၆ ခုနှစ် စက်တင်ဘာတွင် နိုင်ငံခြားရေးဝန်ကြီးဌာနရှိ မြောက်ကိုရီးယား နျူကလီးယားရေးရာဌာန ညွှန်ကြားရေးမှူးချုပ်တာဝန်များကို အသီးသီး ကျေပွန်စွာထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။

၂ဝ၁၈ ခုနှစ် ဇန်နဝါရီလမှစကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသည့် သံအမတ်ကြီးအဖြစ် တာဝန်ယူလျက်ရှိသည်။သံအမတ်ကြီး လီဆန်းဟွာသည် မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် သံတမန်ရေးရာဆိုင်ရာနှင့်၎င်း၏မိတ်ဖက်အမြင်များကို ဆောင်းပါးများရေးသားနေသူတစ်ဦးဖြစ်သည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021