မှော်ဘီမြို့ မြောင်းတကာစက်မှုဇုံ ဈေးသစ်ဝင်းအနီး အမျိုးသားတစ်ဦး အဝတ်ဗလာဖြင့် အသတ်ခံရမှုကို စုံစမ်းလျက်ရှိကြောင်း အောက်တိုဘာ ၉ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
အောက်တိုဘာ ၆ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် မှော်ဘီမြို့နယ် မြောင်းတကာ ကျေးရွာနေ မမေသက်စိုး သည်နေအိမ်တွင်ရှိနေစဉ် ခင်ပွန်းဖြစ်သူ ကိုအောင်ကိုဝင်း (၃၀)နှစ်မှာ လမ်းထိပ် လက်ဖက်ရည် ဆိုင်သို့လက်ဖက်ရည်သောက်သွားမည်ဟု ပြောဆိုပြီး နေအိမ်မှ ထွက်သွားခဲ့သည်။
ထိုသို့ထွက်သွားရာမှ ညမိုးချုပ်သည်အထိပြန်မရောက်သေးသဖြင့်ခင်ပွန်းဖြစ်သူကိုင်ဆောင်သည့် ဖုန်းကို ဆက်သွယ်ရာ ဖုန်းမှာ စက်ပိတ်ထားပြီး မနက်မိုးလင်းသည် အထိပြန်လည်ရောက် ရှိလာခြင်းမရှိသဖြင့်ဘေးပတ်ဝန်းကျင်နေထိုင်သူများကိုမေးမြန်းကာ လိုက်လံရှာဖွေခဲ့သည်။
ထိုသို့စုံစမ်းရှာဖွေနေစဉ် အောက်တိုဘာ ၈ ရက် နံနက် ၉နာရီအချိန်တွင် အသိမိတ်ဆွေဖြစ်သူ ဒေါ်ဌေးဌေးဝင်းမှဖုန်းဆက်၍“နင့်ယောက်ျားညကအိမ်ပြန်မရောက်သေးဘူးလား၊မြောင်းတကာစက်မှုဇုန်ထဲမှာအလောင်းတစ်လောင်းတွေ့တယ်။ ဟုတ်မဟုတ်သွားကြည့်"ဟုပြောဆိုသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။ မြောင်းတကာစက်မှုဇုန်သို့ သွားရောက်ကြည့်ရှုခဲ့ရာ ခင်ပွန်းဖြစ်သူကိုအောင်ကိုဝင်းကို ဖြစ်နေကြောင်းသိရှိခဲ့သည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ခင်ပွန်းဖြစ်သူမှာ မြောင်းတကာစက်မှုဇုန်၊အိုးအိမ်လမ်း၊ ဈေးသစ်ဝင်းအတွင်းရှိအိမ်သာအနီးအုတ်ခုံပေါ်တွင်ဝဲဘက်လည်ပင်းထိုးသွင်းဒဏ်ရာ၊ဝဲဘက်ဂျိုင်းအောက်ထိုးသွင်း၊ယာဘက်လည်ပင်းထိုးသွင်း၊ယာဘက်ရင်အုံထိုးသွင်း၊ဝဲဘက်နံရိုးကြားထိုးသွင်းနှင့် ဝဲဘက် ချိုင်းအောက် ထိုးသွင်းဒဏ်ရာတို့ရရှိကာ အဝတ်ဗလာဖြင့် သဆုံးနေသည်ကို တွေရှိခဲ့သောကြောင့် အရေးယူပေးရန် အောက်တိုဘာ ၇ ရက်နေ့မွန်းလွဲ ၁ နာရီ၄၀မိနစ်အချိန်ခန့်တွင် တိုင်ကြားခဲ့သည်။
မှော်ဘီမြို့မရဲစခန်းက(ပ)၁၃၉၉/၂၀၂၀ရာဇသတ်ကြီးပဒေပုဒ်မ ၃၀၂ အရအမှုဖွင့်ကာ ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိသည်။
















