ထိုင်ဝမ်ကို နိုင်ငံအဖြစ် မသုံးနှုန်းရန် အိန္ဒိယမီဒီယာများအား တရုတ်သံရုံး တောင်းဆို

ထိုင်ဝမ်ကို နိုင်ငံအဖြစ် မသုံးနှုန်းရန် အိန္ဒိယမီဒီယာများအား တရုတ်သံရုံး တောင်းဆို

နယူးဒေလီ အောက်တိုဘာ ၉ - အိန္ဒိယနိုင်ငံရှိ သတင်းစာများက ထိုင်ဝမ်အမျိုးသားနေ့ အထိမ်းအမှတ်ကြော်ငြာများကို ဖော်ပြခဲ့ပြီးနောက် အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အိန္ဒိယသတင်းမီဒီယာများအနေဖြင့် တရုတ်တစ်နိုင်ငံတည်းဝါဒကို လက်ခံပြီး ထိုင်ဝမ်ကို နိုင်ငံအဖြစ် သုံးနှုန်းဖော်ပြခြင်းမပြုရန် တောင်းဆိုမှုတစ်ခုပြုလုပ်ခဲ့သည်။

အောက်တိုဘာ ၁၀ ရက်တွင် ကျရောက်မည့် ထိုင်ဝမ်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ကြော်ငြာများကို အိန္ဒိယသတင်းစာများ၌ အောက်တိုဘာ ၇ ရက်တွင် ဖော်ပြခဲ့သည်။ ကြော်ငြာတွင် ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်၏ပုံကိုမြင်တွေ့ရပြီး အိန္ဒိယသည် ထိုင်ဝမ်အတွက် သဘာဝမဟာမိတ်ဖြစ်ကြောင်း ဖော်ပြထားသည်။

တရုတ်က ထိုင်ဝမ်သည် ၎င်းတို့ပိုင်ဖြစ်ပြီး တစ်ချိန်ချိန်တွင် ပြည်မကြီးနှင့် ပြန်လည်ပေါင်းဆုံမည့် ဒေသတစ်ခုအဖြစ် သတ်မှတ်ထားကာ လိုအပ်ပါကလည်း အင်အားသုံးမည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်။ ထိုင်ဝမ်ကို နိုင်ငံအဖြစ် ခေါ်ဆိုသုံးနှုန်းခဲ့မှုနှင့်ပတ်သက်၍ သဘောမကျကြောင်း တရုတ်သံရုံးက အောက်တိုဘာ ၇ ရက် အနှောင်းပိုင်းတွင် ရိုက်တာသတင်းဌာနအပါအဝင် အိန္ဒိယရှိ သတင်းမီဒီယာအဖွဲ့အစည်းများထံသို့ အီးမေးလ်ပေးပို့ခဲ့သည်။

ကမ္ဘာပေါ်တွင် တရုတ်တစ်နိုင်ငံတည်းသာရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသည်သာ တရုတ်တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့် တရားဝင်အစိုးရဖြစ်ကြောင်း မီဒီယာမိတ်ဆွေများကို အသိပေးလိုပါသည်ဟု တရုတ်သံရုံး၏အီးမေးလ်တွင်ဖော်ပြထားသည်။

ယင်းကြောင့် အိန္ဒိယမီဒီယာများအနေဖြင့် အိန္ဒိယအစိုးရ၏ ထိုင်ဝမ်ဆိုင်ရာရပ်တည်ချက်ကို လိုက်နာပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို မချိုးဖောက်ရန် မျှော်လင့်ပါကြောင်း တရုတ်သံရုံးကပြောဆိုခဲ့သည်။ တိတိကျကျပြောဆိုရမည်ဆိုပါက ထိုင်ဝမ်ကို နိုင်ငံအဖြစ်သာမက တရုတ်၏ထိုင်ဝမ်ဒေသခေါင်းဆောင်ကို သမ္မတအဖြစ်လည်း မသုံးနှုန်းရန် တိုက်တွန်းပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယမီဒီယာများသို့ တရုတ်သံရုံးက တိုက်တွန်းမှုနှင့်ပတ်သက်၍ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူက တုံ့ပြန်ပြောဆိုခဲ့သည်။ အိန္ဒိယသည် လွတ်လပ်ပြီး အမှီအခိုကင်းသော မီဒီယာနှင့် လွတ်လပ်မှုကို မြတ်နိုးသော ပြည်သူများရှိနေသည့် ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ်ကျင့်သုံးသည့် လူဦးရေအများဆုံးနိုင်ငံဖြစ်ကြောင်း၊ သို့သော် ကွန်မြူနစ်တရုတ်နိုင်ငံသည် အိန္ဒိယအပေါ် တည်းဖြတ်ဖြတ်တောက်မှုများ ကျင့်သုံးရန် ကြိုးပမ်းနေပုံရနေသဖြင့် ထိုင်ဝမ်၏အိန္ဒိယမိတ်ဆွေများက တရုတ်က ထွက်သွားလိုက်တော့ ဟုသာ တစ်ခွန်းတည်း တုံ့ပြန်လိုကြောင်း ဝူကပြောဆိုခဲ့သည်။ အေပီ