ဆိုးလ် အောက်တိုဘာ ၉ - လွန်ခဲ့သော ၂ နှစ်ခန့်တွင် အီတလီနိုင်ငံ၌ ပျောက်ဆုံးခဲ့သည့် မြောက်ကိုရီးယား ထိပ်တန်းသံတမန်တစ်ဦးသည် လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံ၌ ခိုလှုံနေကြောင်း သိရသည်။
၎င်းသည် ဆယ်စုနှစ်အတွင်း မြောက်ကိုရီးယား၏ အဆင့်မြင့်ထိပ်တန်းအရာရှိ ပြည်ပြေးတစ်ဦး ဖြစ်လာခဲ့သည်။ သံအမတ် ဂျိုဆောင်ဂျီနှင့် ၎င်း၏ ဇနီးတို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် သံအမတ်တာဝန် ထမ်းဆောင်ခဲ့သော ရောမရှိ မြောက်ကိုရီးယားသံရုံးမှ ထွက်ခွာခဲ့သည်။
၎င်းတို့နှစ်ဦး မည်သည့်နေရာတွင် နေထိုင်ကြသည်ကို မသိရသည်မှာ ၂ နှစ်ခန့် ကြာမြင့်ခဲ့ပြီးနောက် ယခုအပတ်တွင် တောင်ကိုရီးယားလွှတ်တော်အမတ် ဟာတေးကျွမ်က ဂျိုဆောင်ဂျီသည် ၂၀၁၉ ခုနှစ်တွင် တောင်ကိုရီးယားသို့ တိမ်းရှောင်ခဲ့ကြောင်း ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် အတည်ပြုခဲ့သည်။
‘’သူတို့ သတင်းနဲ့ပတ်သက်ပြီး မေးမြန်းစုံစမ်းမှုတွေ အများကြီးရှိခဲ့ပါတယ်။ အခု ဒီမှာပါ။ အရင်နှစ် ဇူလိုင်လအတွင်းမှာ သံအမတ်ဟောင်း ဂျိုဆောင်ဂျီဟာ တောင်ကိုရီးယားနိုင်ငံထဲကို ဝင်လာခဲ့တယ်လို့ အတည်ပြုပါတယ်။ နောက်ပြီး အစိုးရရဲ့ အကာအကွယ်အောက်မှာ ရှိနေပါတယ်’’ ဟု ဟာတေးကျွမ်က ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်ရေးသားခဲ့သည်။
၂၀၁၆ ခုနှစ်တွင် ဗြိတိန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယားဒုတိယသံအမတ် ထယ်ဟောင်ဟို တောင်ကိုရီးယားသို့ တိမ်းရှောင်ခဲ့ပြီးနောက် ဂျို၏ ပြည်ပြေးမှု သည် ဒုတိယမြောက် အစိုးရအဆင့်မြင့်အရာရှိတစ်ဦး တောင်ကိုရီးယားသို့ ထွက်ပြေးမှု ဖြစ်လာခဲ့သည်။ ဂျိုဆောင်ဂျီနှင့်ပတ်သက်ပြီး မြောက်ကိုရီးယားကမူ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ အေပီ

















